ပင်လုံမှာ လုံခြုံရေးကဏ္ဍ ပင်လုံမှာ ဘာလို့ မဆွေးနွေး နိုင်ခဲ့တာလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ မေးမြန်းခန်း

တစ်ခုတည်းသော တပ်မတော် ထားရှိရေးအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မူအရ သဘောတူ ပေမယ့် ဘယ်လို ထားရှိမလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ဆိုပါတယ်။

ဒီစိုးရိမ်မှုတွေကို လျှော့ချနိုင်ရင်တော့ လုံခြုံရေးကဏ္ဍကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဖို့ ဖြစ်လာနိုင်တယ်လို့ ဦးခင်ဇော်ဦးက ပြောပါတယ်။

လုံခြုံရေး ကဏ္ဍမှာ အဓိက ခေါင်းစဉ်ကြီး နှစ်ခု ရှိပြီး နိုင်ငံတော် ကာကွယ်ရေးနဲ့ ပြန်လည် ပေါင်းစည်းရေး ကဏ္ဍတို့ ဖြစ်ပါတယ်။

Image caption စတုတ္ထအကြိမ်မှာတော့ ဆွေးနွေးနိုင်အောင် ကြိုးစားမယ်
Image caption လုံခြုံရေးကဏ္ဍ ဘာလို့ မဆွေးနွေး နိုင်ခဲ့တာလဲ

တစ်နှစ်ကျော်ကြန့်ကြာခဲ့တဲ့ ၂၁ ရာစု ပင်လုံကို၂ဝ၁၈ ခုနှစ် ဇူလိုင်လထဲ တတိယအကြိမ် ပြန်ကျင်းပ နိုင်ခဲ့ပေမယ့် လုံခြုံရေးကဏ္ဍမှာ သဘောတူမှုရအောင် မညှိနှိုင်း နိုင်ခဲ့ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ပွဲမိန့်ခွန်းမှာ ဝန်ခံခဲ့ပါတယ်။

စတုတ္ထအကြိမ်မှာတော့ ထည့်သွင်း ဆွေးနွေးနိုင်အောင် သက်ဆိုင်ရာ လုံခြုံရေး ကော်မတီက ကြိုးစား ကြလိမ့်မယ် ဆိုပြီး ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ တက်ရောက်ခဲ့တဲ့ တပ်မတော် အစုအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဦးခင်ဇော်ဦးက ဆိုပါတယ်။

မဆွေးနွေး ဖြစ်ခဲ့ကြတဲ့ အကြောင်းအရာတွေ၊ ချန်ထားရစ်ခဲ့တာတွေကို စတုတ္ထအကြိမ် ပင်လုံ ပြန်မစခင်မှာ အလွတ်သဘော ဆွေးနွေးပွဲတွေကနေ ရအောင် ညှိယူကြမယ် ဆိုပြီးတော့လည်း ဦးခင်ဇော်ဦးက ပြောပါတယ်။

Image caption ဝခေါင်းဆောင်တွေ ဆေးရုံတက်ခဲ့ရ

တစ်နိုင်ငံလုံး သဘောတူ စာချုပ် NCA ထဲ ပါဝင်ဖို့ တပ်မတော်ဘက်က သဘောမတူခဲ့တဲ့ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA နဲ့ ရခိုင် AA အဖွဲ့တွေ အပါအဝင် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့လည်း အခု ပင်လုံမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ လေ့လာသူ အဖြစ် တက်ရောက် ခဲ့ပါတယ်။

အဲဒီ အဖွဲ့တွေ အနေနဲ့ NCA ထဲ ပါဝင်မယ် ဆိုတဲ့ ကတိမျိုး ငြိမ်းချမ်းရေး ကော်မရှင်ကို ပေးထားတာမျိုး မရှိဘူးလို့ ဦးခင်ဇော်ဦးက ဆိုပါတယ်။

၂ဝ၂ဝ မတိုင်ခင် ငြိမ်းချမ်းရေး ရရမယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်နဲ့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဦးခင်ဇော်ဦးက ပြောရင်းမှာပဲ ငြိမ်းချမ်းရေး ရလိုတဲ့ နိုင်ငံရေး သဘောဆန္ဒ နှစ်ဦးနှစ်ဘက် လုံးမှာ ရှိမှ ဖြစ်မယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့ မေးမြန်းခန်း အပြည့်အစုံကို နားဆင် နိုင်ကြ ပါပြီ။