မြန်မာက ဆန်အမျိုးအစားတစ်မျိုးကို တင်ပို့ခွင့် ကန့်သတ်ဖို့ EU စဉ်းစားနေ

ရိတ်သိမ်းပြီးစ စပါးတွေကို နေပြည်တော်အနီး ကားလမ်းပေါ်မှာ နေလှန်းနေကြတဲ့ လယ်သမားတွေရဲ့ လုပ်ငန်းခွင်မြင်ကွင်း
Image caption ရိတ်သိမ်းပြီးစ စပါးတွေကို နေပြည်တော်အနီး ကားလမ်းပေါ်မှာ နေလှန်းနေကြတဲ့ လယ်သမားတွေရဲ့ လုပ်ငန်းခွင်မြင်ကွင်း

ဥရောပသမဂ္ဂ (အီးယူ - EU ) က မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး ပေးထားတဲ့အထဲက ဆန်အမျိုးအစားတစ်မျိုးကို တင်ပို့ခွင့် မပေးဖို့စဉ်းစားနေတာနဲ့ ပတ်သတ်ပြီး EU ကုန်သွယ်မှု ကာကွယ်ရေးဌာနက သတိပေး အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။

" အီးယူနိုင်ငံတွေကို ပို့နေတဲ့ ဆန်အရှည်မျိုး ရတနာထွန်း၊ ဆင်းသွယ်လတ် ဆန်တွေကိုပါ။ ဒါတွေက အီးယူကို ပို့တဲ့ပမာဏ Total Export ရဲ့ ၂ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်။ ထိခိုက်မှုရှိလားဆိုတော့ ရှိတော့ရှိတယ်။ ပရီမီယမ်ဈေးကွက်တခု ဆုံးရှုံးနိုင်တယ်" လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဗဟိုအလုပ်အမူ့ဆောင် အဖွဲ့ဝင် ဦးမျိုးသူရအေးက ပြောပါတယ်။

အခုလို သတိပေးတာဟာ နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် ဖိအားပေးတာလည်း ဖြစ်သလို EU နိုင်ငံတွေထဲမှာ ဆန်စပါးထုတ်လုပ်တဲ့ နိုင်ငံတွေလည်းရှိလို့ သူတို့ကို ကာကွယ်ပေးချင်လို့ တင်ပို့ခွင့် မပေးဖို့စဉ်းစားနေတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

Image caption အခုလို စပါးရိတ်သိမ်းတဲ့ ရာသီချိန်မှာ ရာသီဥတုသာယာစေဖို့လည်း စပါးစိုက်တောင်သူတွေက ဆန္ဒရှိနေကြပါတယ်။

ဒီလို သတိပေးတာကို ပြန်ဖြေရှင်းဖို့ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ အစည်းအဝေး မတိုင်မီ အကြောင်းပြန်စာ ပေးပို့ရမယ်လို့ သိရပါတယ်။

ဒါ့အပြင် အီးယူက မြန်မာနိုင်ငံအပေါ် အကောက်ခွန် သက်သာခွင့် အထူးအခွင့်အရေး (GSP) ယာယီရပ်ဆိုင်းပြီး အခွန်ပြန်ကောက်ဖို့ စဉ်းစား နေတယ်လို့လည်း ဆိုပါတယ်။

အခွန်ပြန်ကောက်ရင် အခွန်သက်သာတဲ့ အခွင့်အရေး မရှိတော့မှာဖြစ်လို့ အခြားဆန်တင်ပို့တဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရောင်းချရမှာ ဈေးကွက်ထိုးဖောက် တင်ပို့ဖို့ ပိုခက်သွား နိုင်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုပါတယ်။

Image caption ရိတ်သိမ်းပြီးစ စပါးတွေကို နေပြည်တော်အနီး ကားလမ်းပေါ်မှာ နေလှန်းနေကြတဲ့ လယ်သမားတွေရဲ့ လုပ်ငန်းခွင်မြင်ကွင်း

အခွန်ပြန်ကောက်ဖို့ အီးယူကဆုံးဖြတ်ခဲ့ရင် တင်ပို့ရောင်းချရာမှာ ဆန် ၁ တန်ကို ပထမနှစ်အတွက် ၁၇၅ ယူရို၊ ဒုတိယနှစ်အတွက် ၁၅၀ ယူရို၊ တတိယနှစ်အတွက် ၁၂၅ ယူရို အခွန်ပေးဆောင်ရနိုင်တယ်လို့ ဦးမျိုးသူရအေးက ပြောပါတယ်။

ဒီအခြေအနေတွေက အခုနှစ် စပါးပေါ်ချိန်မှာ သက်ရောက်မှု မရှိသေးလို့ ပြင်ပဈေးကွက်အတွင်း ပြောဆိုနေသလို စပါးဈေးကျမယ်ဆိုတာ မဟုတ်မှန်ဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။

Image caption ရိတ်သိမ်းပြီးစ စပါးတွေကို နေပြည်တော်အနီး ကားလမ်းပေါ်မှာ နေလှန်းနေကြတဲ့ လယ်သမားတွေရဲ့ လုပ်ငန်းခွင်မြင်ကွင်း

ဆက်စပ် အကြောင်းအရာများ