ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားက အမွေခွဲခြမ်းမှု ဘာဆက်ဖြစ်လာမလဲ

ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားက အမွေခွဲခြမ်းမှု ဘာဆက်ဖြစ်လာမလဲ

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အငြင်းပွားနေတဲ့ ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်း အမွေ ခွဲခြမ်းမှုမှာ ဦးအောင်ဆန်းဦးဘက်က ပြည်ထောင်စု အဆင့် အယူခံလွှာပယ်ချ ခဲ့ခဲ့ရပေမယ့် သူ့အနေနဲ့ ဒီအမှုမှာ ရှေ့ဆက် ရင်ဆိုင် သွားမယ်လို့ ပြောပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်းကို လေလံပစ်ပြီး ရရှိတဲ့ငွေကို တစ်ယောက်တစ်ဝက် ခွဲယူခွင့်ရရှိဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က အထူးအယူခံ လျှောက်ထားခဲ့တာပါ။

ဒီအိမ်နဲ့ခြံ အမွေဆက်ခံခွင့်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်ပေမယ့် ဒီဆုံးဖြတ်ချက်က မမျှတဘူးလို့ ဦးအောင်ဆန်းဦးက ခံယူလို့ အထူးအယူခံ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အယူခံလျှောက်ထားမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့တယ်လို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

ပြည်ထောင်စု အဆင့် အယူခံလွှာ ပယ်ချခံရတဲ့ အခြေအနေ ဖြစ်ပေမယ့် ဦးအောင်ဆန်းဦးက ခြံ အမှတ် ၅၄ အမွေမှုအတွက် ရှေ့ဆက်သွားဖို့ ရှိနေပါတယ်။

အမွေမှု အယူခံလွှာ ပယ်ချခံရပြီးနောက်ပိုင်း ဦးအောင်ဆန်းဦးအနေနဲ့ ရှေ့ဆက် ဘာလုပ်သွားဖို့ ရှိသလဲဆိုတာကို သိနိုင်ဖို့ ဘီဘီစီ မြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက ဦးအောင်ဆန်းဦး လက်ရှိ နေထိုင်ရာ ပုဂံမြို့ဟောင်းရှိ နေအိမ်မှာ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။