ရွှေ့ပြောင်းဒုက္ခသည် အရေးကြောင့် အီးယူနဲ့ တူရကီတို့ အကြား တင်းမာ

ရွှေ့ပြောင်းဒုက္ခသည် အရေးကြောင့် အီးယူနဲ့ တူရကီတို့ အကြား တင်းမာ

ဆီးရီးယားက အစ်ဒလစ်ပြည်နယ်ထဲမှာ လပေါင်းများစွာ အကြီးအကျယ် တိုက်ခိုက်နေကြတာတွေကနေ အခုတော့ အပစ်ရပ်တာကို စတင်လိုက်ကြပါပြီ။ အဲဒီလို အပစ်ရပ်ဖို့ အတွက် တူရကီနဲ့ ရုရှား သမ္မတတို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အစ်ဒလစ်ကို ပြီးခဲ့တဲ့ ၂၀၁၁ ကတည်းက ဆီးရီးယား သမ္မတ ဘာရှာအဲလ်အာဆတ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ တူရကီက ထောက်ပံ့ပေးနေတဲ့ သူပုန်တွေနဲ့ ဂျီဟဒ်ဝါဒီတွေ ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကစလို့ အဲဒီမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် ပြေးခဲ့ရသူ ၁ သန်းနီးပါး ရှိတယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ တူရကီကလည်း ဥရောပ သမဂ္ဂဘက်က ဒုက္ခသည်အရေးမှာ ဘာမှမလုပ်ပေးဘူးဆိုပြီး ဂရိနဲ့ သူတို့ နယ်စပ်ကို ဖွင့်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာ အီးယူနိုင်ငံတွေဆီကို သွားချင်ကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ထောင်သောင်းချီလို့ နယ်စပ်ကို ဖြတ်ဖို့ ကြိုးစားနေကြပါတယ်။ ဘီဘီစီ သတင်းထောက် ဂျရယ်မီ ဘိုဝင် ရဲ့ သတင်းပေးပို့ချက်ကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။