သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇွန်လ ၇ ရက် တမိနစ် သတင်းဗီဒီယို

ဆီးရီးယားက ဟာမာပြည်နယ်မှာ အစိုးရကိုလိုလားတဲ့ လက်နက်ကိုင်အုပ်စုတွေက ကူဘဲရွာကလေးထဲကို ဝင်လာပြီး သေနတ်နဲ့ ဆက်တိုက် ပစ်ခတ်လို့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၇၀ ကျော်သေဆုံးခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ကုလသမဂ္ဂ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့လဲ ကူဘဲရွာကို သွားကြည့်ဖို့ ကြိုးစားတာမှာ ဆီးရီးယား အစိုးရတပ်တွေက သွားခွင့်မပေးပဲ ပြန် လှည့်ခိုင်းခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပနက်တာက ပါကစ္စတန်ဟာ တာလီဘန် စစ်သွေးကြွတွေကို ခိုလှုံခွင့်ပေးနေတဲ့ ကိစ္စအပေါ် အမေရိကန်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာ အစွန်းအထိ ရောက်နေပြီလို့ ပြောလိုက်ပါတယ်။ မစ္စတာ ပနက်တာက ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်က နေတိုးတပ်ဖွဲ့တွေကို ဝင်ဝင်တိုက်နေတဲ့ ဟာကာနီ အုပ်စုကို အရေးယူရမယ်လို့လဲ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂျပန် ဆူနာမီအတွင်းပြိုကျသွားတဲ့ ဆိပ်ခံကွန်ကရိပြားကြီးတပြားဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လို့ ကီလိုမီတာရှစ်ထောင်ကျော်ခရီးကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ကမ်းခြေမှာ သွားတင်ပါတယ်။ အဲဒီ ကွန်ကရိပြားကြီးဟာ ပေ ၆၀ ကျော်ရှိပြီး ၁၆၅ တန် လေးပါတယ်၊ အမှတ်အသားတွေအရ ဒီ အပြားကြီးဟာ ဂျပန် ငါးဖမ်းဆိပ်ကမ်းမြို့ မီဆာဝါကဖြစ်တယ်လို့ ဆိုပါတယ်။