သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး ပုတ်ခတ်မှု အကျိုးဆက်

ဓာတ်ပုံ မူပိုင် AFP
Image caption ဖေ့စ်ဘုတ်ကို ကောင်းတဲ့ဘက်က သုံးမယ်ဆိုရင်တော့ အကျိုးများပါတယ်။

ဖေ့စ်ဘုတ်လူမှုကွန်ရက် အပါအဝင် အင်တာနက်မှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲ ပုတ်ခတ် ဆဲဆို နှိမ့်ချ ပြောဆို ရေးသားမှုတွေဟာ ဗြိတိန်လို ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ပြစ်မှု မြောက်ပါတယ်။ ပြည်တွင်း ပြည်ပက အွန်လိုင်းနေ မြန်မာတချို့ကြားမှာလည်း ဒီလို ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး ခွဲခြား နှိမ့်ချ လက်လွတ်စပယ် ပြောဆိုမှုတွေဟာ လူ့ကျင့်ဝတ် လူ့စည်းကမ်းကို ဘယ်လောက်အထိ ချိုးဖောက်တယ်လို့ ထင်ပါသလဲ။ အခုလို အဆင်ခြင်မဲ့ ပြောဆို ရေးသားမှုတွေဟာ ကိုယ့်ဆီကို တကြော့ပြန် ထိခိုက်နစ်နာနိုင်မှုတွေက ဘာတွေ ရှိလာနိုင်မလဲ။ ဒီအကြောင်းတွေကို ဘီဘီစီ သောတရှင်တွေက ပါဝင် ဆွေးနွေးထားပါတယ်။

သောတရှင်တွေနဲ့အတူ ပင်တိုင် ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ပြည်ထောင်စုရှေနေ့ချုပ်ရုံးမှာ နှစ်ပေါင်း ၃၀ ကျော် အမှုထမ်းခဲ့ပြီး၊ ညွှန်ကြားရေးမှူး ရာထူးနဲ့ အငြိမ်းစားယူခဲ့တဲ့ လက်ရှိလည်း တရားလွှတ်တော် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ဦးအောင်သန်းစိုးနဲ့ နာမည်ကျော် ဘလော့ဂါ ကိုနေဘုန်းလတ်တို့က ပါဝင်ဆွေးနွေးပေးထားပါတယ်။

ဘီဘီစီကို ရေးလာတဲ့ အီးမေးလ်နဲ့ ဖေ့စ်ဘုတ်က ပေးစာနဲ့ မှတ်ချက်တချို့ကို ကောက်နုတ် ဖတ်ကြားရမယ်ဆိုရင်

ဖျာပုံခရိုင်က ကိုရဲက ဗုံးခွဲတာ၊ အစုအပြုံလိုက် သေစေတာက ကိုယ်အားဖြင့် အကြမ်းဖက်တာ၊ အင်တာနက်မှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး၊ ဘာသာရေး ပုတ်ခတ် နှိမ့်ချ ဆဲဆိုတာက နှုတ်အားဖြင့် အကြမ်းဖက်တာပါတဲ့၊ ပါးစပ်နဲ့ ဆဲလို့ အားမရရင် လက်နဲ့ အကြမ်းဖက်မှုဆီ ရောက်သွားနိုင်တယ်တဲ့၊ ဒီလို ညဉ်ဆိုးတွေကို နောင် မျိုးဆက်တွေဆီ လက်ဆင့်ကမ်းသလို ဖြစ်သွားမှာကို စိုးရိမ်ပါတယ်လို့ ရေးထားပါတယ်။

လန်ဒန်မြို့က ကိုသီဟကတော့ ဒီလို ပုတ်ခတ် ပြောဆိုမှုတွေကို အစိုးရ တာဝန်ရှိသူ၊ အဆင့်မြင့် သံတမန်တွေကတောင် ပြောခဲ့ဆိုခဲ့တာမျိုးကို ကြုံဖူးကြားဖူး ပါတယ်တဲ့။ ဒါကြောင့် မြန်မာဆိုရင် အထင်မြင်သေး ခံရတာမျိုးဖြစ်ပြီး နိုင်ငံအဆင့် အထိတောင် သိမ်ငယ်စေပါတယ်တဲ့။ အစိုးရက စံပြအဖြစ် ပြုပြင်ပြောင်းလဲ ပြောဆိုနေထိုင်ပြမှ ကောင်းမယ်လို့ သူက ဆိုပါတယ်။

Leo Nixx နာမည်နဲ့ ဖေ့စ်ဘုတ်မှာ ရေးထားသူကတော့ အဆင်ခြင်မဲ့ ပြောဆို ရေးသားမှုတွေကြောင့် တရားစွဲ ခံရနိုင်သလို နိုင်ငံသားအများစုကိုလည်း အထင်မြင် သေးစေနိုင်ပါသတဲ့၊ နောက်တခုက တယောက်ကစလို့ အများက လိုက်ရေးကြတာမို့ အဦးအစ ရေးသူက ဒီလို ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး ရေးမယ်ဆို စဉ်းစားကြပါဦးလို့ သူက ဆိုပါတယ်။

ကောင်းမြတ်လင်းကတော့ လူမျိုး၊ ဘာသာ ခွဲခြားမှုဟာ လူ့ယဉ်ကျေး အသိုင်းအဝိုင်းမှာ ရှက်ဖို့ကောင်းတယ်၊ ဒီမိုကရေစီ နိုင်ငံမှန်ရင် လူနည်းစုကိုလည်း ဥပဒေနဲ့ ကာကွယ်ပေးရမယ်တဲ့။ တရားဥပဒေစိုးမိုးတဲ့ လူ့ယဉ်ကျေးအသိုင်းအဝိုင်း ဖြစ်ဖို့က မူလတန်း သင်ခန်းစာကစလို့ ပြည်သူတွေကို ပညာပေးရမယ်၊ ကျောင်းပြင်ပ လူထုကိုတော့ မီဒီယာတွေကနေတဆင့် ဒါမှမဟုတ် ဟောပြောမှုတွေကနေတဆင့် အသိပေး ပညာပေးရမယ်လို့ သူ့အမြင်ကို ဖြေရှင်းနည်း နည်းလမ်းအဖြစ် မှတ်ချက်ပြု တင်ပြထားပါတယ်။