သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

TIME ဆောင်းပါးကို အစိုးရ ဘာကြောင့် ပိတ်တာလဲ

မြန်မာ သံဃာ တစ်ပါး ဖြစ်တဲ့ ဦးဝီရသူရဲ့ ပုံကို မျက်နှာဖုံး တင်ပြီး The Face of Buddhist Terror လို့ ခေါင်းစဉ် တပ်ထားတဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းပါ ဆောင်းပါးကို မူရင်းရော မိတ္တူပါ ဖြန့်ချိခွင့် မပြုဖို့ မြန်မာ အစိုးရ အရေးပေါ် စီမံ ခန့်ခွဲရေး ဗဟို ကော်မီတီက တားမြစ်လိုက်ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရကရော မြန်မာ နိုင်ငံသား အတော် များများ ကပါ ကန့်ကွက် နေကြတဲ့ တဲ့ တိုင်းမ် မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ ပတ်သက်လို့ တိုင်းမ် မဂ္ဂဇင်းကို ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ သူတို့ မဂ္ဂဇင်း ရဲ့ အပြည်ပြည်ဆိုင်ရာ မျက်နှာဖုံး ဆောင်းပါးဟာ မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ နွယ်နေတဲ့ အစွန်းရောက် လှုပ်ရှားမှု ရှိတယ် ဆိုတာ ဖော်ပြတဲ့ အသေ အချာ ပိုင်းခြား စိတ်ဖြာ ရေးသား ထားတဲ့ သတင်း ဖြစ်တယ်၊ သူတို့ သတင်း ဖော်ပြမှုကြောင့် အခုလို အချေ အတင် ဆွေးနွေး မှုတွေ ဖြစ်လာတဲ့ အတွက် ကျေနပ်မိ ပါတယ်လို့ ပြန်ဖြေခဲ့ ပါတယ်။

အစိုးရ ဘက်က မဂ္ဂဇင်းကို ကန့်ကွက်တယ် ဆိုပေမဲ့ မဂ္ဂဇင်း ထဲမှာ ပါတဲ့ အချက်တွေ ထဲက ဘာတွေ မှားတယ် ဆိုတာ ထောက်မပြဘဲ လူမျိုးရေး၊ ဘာသာရေး အဓိ ကရုဏ်းတွေ ထပ်မဖြစ်အောင် ကာကွယ်နိုင်ဖို့ ပိတ်ပင်တာ လို့သာ လို့ အကြောင်းပြ ထားပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ စတင် ဖြစ်ပွားခဲ့ချိန်၊ တနေရာ ကနေ နောက် တနေရာကို စတင် ကူးစက် ပြန့်နှံ့သွားစဉ် ကတည်းက အစိုးရ အနေနဲ့ လုပ်သင့်တာကို ဘာတခုမှ ထိထိရောက်ရောက် သူ့ရဲ့ ပျက်ကွက်မှုတွေ ပေါ်ပေါက်မှာ ကိုသာ အစိုးရက စိုးရိမ်တာ ဖြစ်နိုင်တယ်လို့ ရန်ကုန် တိုင်း သတင်း ဂျာနယ် အယ်ဒီတာ ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

ဗုဒ္ဓ ဘာသာဟာ သန့်ရှင်းတဲ့ ဘာသာ တရား ဖြစ်ပြီး အစွန်းရောက် တွေရဲ့ ပါဝင် ပတ်သက်မှု ကနေ နှစ်ပေါင်း များစွာ ကင်းလွတ် နေခဲ့တယ်လို့ အစချီ ရေးသား ထားပြီး မကြာသေးခင် နှစ်တွေ ရောက်မှ အစွန်းရောက် သမားတွေ ရဲ့ အရောင်ချယ်မှု ခံလာရတယ်လို့ သီရိလင်္ကာ၊ ထိုင်းနဲ့ မြန်မာ နိုင်ငံတို့မှာ ဖြစ်ခဲ့တာတွေကို ဆောင်းပါးမှာ ထောက်ပြ ထားကြောင်း သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဆိုလည်း ပြီးခဲ့တဲ့ နှစ်ကမှ အကြမ်းဖက် သမားတွေရဲ့ ခုတုံးလုပ် အသုံး ချတာ ခံခဲ့ ရပြီး ဗုဒ္ဓ ဘာသာရဲ့ ပုံရိပ်ကို ထိခိုက် ပျက်ယွင်း ခဲ့ရ တာကြောင့် ဘယ်သူတွေ လုပ်ဆောင်လို့ ဒီလို ဖြစ်လာရတယ် ဆိုတာ ကိုသာ အဖြေရှာဖို့ လိုအပ်တယ်လို့လည်း ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

လောလောဆယ်မှာ အစိုးရ၊ နိုင်ငံရေး ပါတီ တချို့နဲ့ ပြည်တွင်း မီဒီယာတွေဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ အတွက် သာ လုပ်နေကြပြီး တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက် ဆန့်ကျင်ဖို့ ကြိုးစား နေတာ တွေ့ရတယ်၊ ဒါဟာ တိုင်းပြည် အတွက်ရော ဗုဒ္ဓ ဘာသာ အတွက်ပါ မကောင်းဘူးလို့ သူက ဆိုပါတယ်။

ပြည်တွင်း သတင်း မီဒီယာ အများစုဟာ နိုင်ငံတွင်းက လူများစု ဗုဒ္ဓ ဘာသာ တွေရဲ့ ငြိုငြင်တာ ခံရမှာ စိုးရိမ်ပြီး အမှန်ကို မတင်ပြ ရဲကြဘူးလို့လည်း ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

တိုင်းမ် မဂ္ဂဇင်းက ထောက်ပြ သလို မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ နွယ်နေတဲ့ အစွန်းရောက် လှုပ်ရှားမှု ရှိနေတယ် ဆိုတာကို စဉ်းစား ဆွေးနွေးဖို့ လိုအပ်တယ် လို့လည်း သူက ပြောပါတယ်။

ဆောင်းပါးရှင် Hannah Beech ရဲ့ ဆောင်းပါးဟာ အချက် အလက်ကို အခြေခံပြီး အသေအချာ လေ့လာ ပြီးမှ ရေးထားတာ ဖြစ်ပြီး စကားလုံး အသုံး အနှုန်းက အစ ဂရု တစိုက်ရှိတယ်၊ မှားယွင်း ဖော်ပြ ထားတာ မရှိဘူးလို့ သူ နားလည်ကြောင်း ဦးစည်သူ အောင်မြင့်က ပြော ပါတယ်။

ဆောင်းပါးထဲမှာ ဦးဝီရသူနဲ့ ပတ်သက်တဲ့ ပုံရိပ်ကို ဖော်ပြထားတာနဲ့ ပတ်သက်လို့တော့ သူ့ရဲ့ ဟောပြော ချက်တွေ တရားခွေတွေနဲ့ Facebook ပေါ်က အရေး အသား တွေဟာ ဗုဒ္ဓရဲ့ အဆုံး အမ တွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာ အစိုးရ အနေနဲ့ အလွယ် တကူ စစ်ဆေး နိုင်တယ်လို့ သူက ဆိုပါတယ်။