တရုတ် ဗဟိုဘဏ်က အတိုးနှုန်း ဖြတ်တောက်

ဓာတ်ပုံ မူပိုင် XINHUA
Image caption တရုတ်နိုင်ငံမှာ ရှစ်နှစ်အတွင်း အဆိုးရွားဆုံး စျေးကွက် ကျဆင်းမှုတွေ နဲ့ ရင်ဆိုင်

တရုတ်နိုင်ငံမှာ ရှယ်ယာစျေးတွေ ထိုးဆင်းနေတာကို တားဆီးဖို့အတွက် ဗဟိုဘဏ်ကနေ အတိုးနှုန်းကို ဖြတ်တောက် လိုက်ပါတယ်။

ရှန်ဟိုင်း စတော့စျေးကွက်ဟာ ဒီအပတ်အစောပိုင်းက ၈.၅ ရာခိုင်နှုန်း အထိကျခဲ့ပြီး အင်္ဂါနေ့မှာ ၇ ရာခိုင်နှုန်းကျော် ထပ်ကျပြီး စျေးပိတ်သွားပါတယ်။

တရုတ်နိုင်ငံ အစုရှယ်ယာစျေး ထိုးကျမှုဟာ ဇွန်လ နောက်ပိုင်းမှာ ၄ဝ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ကနေ အတိုးနှုန်း ဖြတ်တောက်မှုတွေလည်း မကြာခဏ လုပ်နေရပြီး နိုဝင်ဘာလ ကစလို့ အခုတခါနဲ့ဆို ၅ကြိမ် ရှိပြီဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း ၀.၂၅ ရာခိုင်နှုန်း ဖြတ်တောက် လိုက်တဲ့အတွက် တရုတ်ပြည်က ဘဏ်တွေအနေနဲ့ ငွေထုတ်ချေးတဲ့အခါမှာ ပိုပြီး လွယ်ကူသွားမယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

တနင်္လာနေ့က ရှယ်ယာစျေးတွေ သိသိသာသာ ထိုးဆင်းသွားတဲ့အတွက် ထိပ်သီးကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာ တန်ဖိုး ဒေါ်လာ သန်း ၅သိန်းဖိုးလောက် ဆုံးရှုံးခဲ့ရတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

တရုတ် ရှယ်ယာစျေးကွက် အကြီးအကျယ် ကျဆင်းမှု ကြောင့် ကမ္ဘာတလွှား ရှယ်ယာတွေ ထုတ်ရောင်းနေတာတွေ အများကြီး တွေ့နေရပါတယ်။

ဒီစျေးကွက် ကျဆင်းမှုဟာ ရှစ်နှစ် အတွင်းမှာ အဆိုးဆုံး ကျဆင်းမှု ဖြစ်ပါတယ်။

ကျဆင်းမှုမရှိဘူးလို့ ထင်ထားခဲ့တဲ့ တရုတ်စျေးကွက်ဟာ အခုတော့ အကျပ်ရိုက်နိုင်တဲ့ အနေအထားကို ရောက်လာပြီဖြစ်တဲ့အတွက် အခုအနေအထားကမှတဆင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။