တန်းတူအခွင့်အရေး ဘယ်လောက်ရှိသလဲ

သင့်နိုင်ငံမှာ ကျားမ အခွင့်အရေး ကွာဟချက် ဘယ်လောက် ရှိသလဲ ဆိုတာနဲ့ ဘယ်အဆင့်မှာ ရှိသလဲ ဆိုတာကို ဘီဘီစီရဲ့ အဖြေရှာစက်မှာ တွက်ချက် ကြည့်နိုင်ပါတယ်။

ကွက်လပ်ထဲမှာ သင့်နိုင်ငံကို ရိုက်ထည့်ပြီး ကျားမတန်းတူ အခွင့်အရေး ရရှိမှု အဆင့်ကို တွက်ချက် ကြည့်နိုင်ပါတယ်။ ဒီနေရာမှာ သုံးထားတဲ့ ကိန်းဂဏန်းတွေဟာ ကမ္ဘာ့ စီးပွားရေး ဖိုရမ်က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကျားမ အခွင့်အရေး ကွာဟချက် အစီရင်ခံစာ Global Gender Gap report ကို အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒီ အစီရင်ခံစာက ဘယ်နိုင်ငံတွေမှာ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပိုမို ပါဝင် ဆောင်ရွက်သလဲ၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ တန်းတူ အခွင့်အရေး ပိုရသလဲ ဆိုတာကို တိုင်းတာ တွက်ချက်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်။ မြန်မာ၊ အာဖဂန် နစ္စတန်နဲ့ တခြား နိုင်ငံတချို့ကတော့ ကိန်းဂဏန်း အချက်အလက်တွေ မရရှိနိုင်တဲ့အတွက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ အစီရင်ခံစာ ထဲမှာ မပါဝင်ခဲ့သလို၊ အခု အဖြေရှာစက် မှာလည်း ပါဝင်ခြင်း မရှိပါဘူး။

ကိုးကားချက်

ကမ္ဘာ့စီးပွားရေး ဖိုရမ်၊ ယူနက်စကို ကိန်းဂဏန်း အချက်အလက် အင်စတီကျု၊ OECD

နည်းစနစ်

ကျားမ အခွင့်အရေး ကွဟချက် ညွှန်းကိန်းကို ထုတ်ပြန်ဖို့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်က နိုင်ငံအသီးသီးမှာ စီးပွားရေးကဏ္ဍမှာ ပါဝင်နိုင်မှုနဲ့ အခွင့်အလမ်း ရရှိမှု၊ ပညာရေးမှာ အောင်မြင်မှု၊ ကျန်းမာရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေမှာ နေရာ ရရှိမှု စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကို လေ့လာ အကဲဖြတ်ခဲ့ပါတယ်။

ကျားမ တန်းတူအခွင့်အရေး ရရှိမှု အဆင့်ကိုတော့ နိုင်ငံ အသီးသီးက ကျားနဲ့ မ တို့အကြား အခွင့်အလမ်း ကွာဟချက်တွေ၊ စွမ်းအား အရင်းအမြစ်တွေကို လက်လှမ်းမီမှု ကွာဟချက်တွေပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ ဒါကြောင့် ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ အကြား ကျားမ ကွာဟချက်ကိုလည်း အဲဒီ ညွှန်းကိန်းနဲ့ပဲ ယှဉ်ကြည့်နိုင်ပါတယ်။

အခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဖိုရမ်က ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ ၁၀ ကြိမ်မြောက် ဖြစ်ပြီး နိုင်ငံပေါင်း ၁၄၅ နိုင်ငံ အတွက် တိုင်းတာ ဖော်ပြထားပါတယ်။

ကျားနဲ့ မ အကြား လုပ်အားခ ကွာဟချက်အတွက် အချက်အလက်တွေကိုတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OECD ကနေ ရယူထားပါတယ်။ အဲဒီ ကိန်းဂဏန်းတွေဟာ နိုင်ငံ အသီးသီးအတွက် ၂၀၁၀ ကနေ ၂၀၁၃ အကြား အချက်အလက်တွေ ဖြစ်ပြီး ရနိုင်သမျှ နောက်ဆုံး ဖြစ်ပါတယ်။

OECD က ကျားနဲ့ မ လုပ်အားခ ကွာဟချက်ကို တွက်ရာမှာ အနေနဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အလယ်အလတ်တန်း ဝင်ငွေတွေအကြား ကွဟချက်တွေပေါ် မူတည်ပြီး တွက်ချက် ထားတာပါ။ ပြီးတော့ အချိန်ပြည့် အလုပ်ကနေ ရတဲ့ ဝင်ငွေတွေကိုသာ အခြေခံ တွက်ချက် ထားပါတယ်။

အမျိုးသမီး တက္ကသိုလ် ဘွဲ့ရသူ အချိုးအစားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ယူနက်စကို ကိန်းဂဏန်း အချက်အလက် အင်စတီကျုကနေ ရယူထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ