ရန်ကုန်မှာ စတင် ပြေးဆွဲတဲ့ BRT

ကြိုတင်ငွေပေးကတ်နဲ့ ပေးချေရမယ့် BRT Lite ဘတ်စ်ကား စမ်းသပ်ပြေးဆွဲမှုကို ရန်ကုန်မြို့မှာ ဒီကနေ့ စတင်လိုက်ပါတယ်။

BRT (Bus Rapid Transit) ဘတ်စ်ကားအစီးရေ ၁၃ စီးနဲ့ ထောက်ကြံ့လမ်းဆုံကနေ မြို့ထဲအထိ အသွားအပြန် ယာဉ်လိုင်းနဲ့ စတင်လိုက်တာ ဖြစ်ပါတယ်။

ကားမှတ်တိုင်တွေကို ပုံမှန်ဘတ်စ်ကားတွေ ပြေးဆွဲနေတဲ့ မှတ်တိုင် ၃ ခုစာကို BRT မှတ်တိုင်တစ်ခု သတ်မှတ်ထားတာပါ။

ကားခကတော့ တခါစီး ၃၀၀ ကျပ် ပေးရပြီး တစ်ထောင်တန် ကတ်ကနေ ၃၀၀၀ တန် ရှိတဲ့ ကတ်တွေနဲ့ ဘတ်စ်ကားပေါ်မှာ ပေးချေရမှာ ဖြစ်ပါတယ်။

BRT Lite စနစ်နဲ့ ဘတ်စ်ကားလိုင်းတွေ ထပ်တိုးချဲ့ဖို့ ရှိပြီး ပထမအဆင့်မှာ ဘတ်စ်ကား (၆၅)စီးနဲ့ ပြေးဆွဲမှာဖြစ်ပါတယ်။

အခု BRT ပြေးဆွဲတဲ့ ရန်ကုန်ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီမှာ အစိုးရက ငွေကျပ် ၁၀ ဘီလျံ ထည့်ဝင်ထားပြီး စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကနေ ကျပ်ဘီလျံ ၆၀ ထည့်ဝင်ထားပါတယ်။

၆ လအတွင်း နိုင်ငံတကာအဆင့်မီ ယာဉ်လိုင်းဖြစ်ဖို့ လုပ်ဆောင်မယ်လို့ ရှယ်ယာထည့်ဝင်ထားတဲ့ Myanmar central power လျှပ်စစ်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဇေယျသူရမွန်က ပြောပါတယ်။