နျူးကလီးယားလက်နက်တွေ အမေရိကန် လျှော့မယ်

nuclear warheads
Image caption နူးကလီးယား လက်နက်တွေ ကင်းစင်တဲ့ ကမ္ဘာ ဖြစ်ဖို့ အိုဘားမား မျှော်လင့်

အမေရိကန်သမ္မတ ဘာရက် အိုဘားမားက သူ့နိုင်ငံထဲမှာ ရှိတဲ့ နျူးကလီးယား လက်နက်တွေကို ထောင်နဲ့ချီပြီး လျှော့ချသွားဖို့စီစဉ်နေတယ်လို့ အမေရိကန် အရာရှိကြီးတွေက ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ အစိုးရဟာ ကြေငြာထားတဲ့ အတိုင်း အမေရိကန်ရဲ့ နျူးကလီးယား လက်နက်ဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဧပြီလတုန်းက မစ္စတာ အိုဘားမားက ချက်နိုင်ငံ ပရာ့ဂ်မြို့တော်မှာ နျူးကလီးယား ကင်းစင်တဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွေ ရှိအောင်လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် ချထားပါတယ်လို့ ကြေငြာခဲ့ပါတယ်။

အိုဘားမားအစိုးရဟာ အရင် သမ္မတဘုရှ်အစိုးရက အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တဲ့ bunker busters လို့ခေါ်တဲ့ မြေအောက် ကျင်းတွေထဲအထိ ဖောက်ပြီးဝင်နိုင်တဲ့ နျူးကလီးယား လက်နက်အသစ်တွေ ထုတ်လုပ်မယ့် အစီအစဉ်ကိုလည်း ဆက်မလုပ်ဖို့ ဆုံးဖြတ်လိမ့်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

သမ္မတအိုဘားမားဟာ နျူးကလီးယားလက်နက်တွေ လျှော့ချမှာ ဖြစ်ပေမယ့် အမေရိကန်ရဲ့ ကာကွယ်ရေး စွမ်းရည်တွေ လျော့မသွားအောင် သမားရိုးကျ လက်နက်တွေကို တော့ အဆင့်မြင့်ပြီး အဆင်သင့်ရှိအောင် ပိုပြီး ငွေကြေးသုံးစွဲ သွားဖို့အစီအစဉ်ရှိတယ်လို့ သူ့အစိုးရထဲက အရာရှိကြီးတွေက ဘီဘီစီကို ပြောပါတယ်။

သမ္မတဟာ ဒီ မဟာဗျုဟာ အသစ်ကို ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီလို တွေ့ဆုံတဲ့ အခါမှာ နျူးကလီးယား လက်နက်တွေ ဘယ်လောက်လျှော့ချမလဲ ဆိုတဲ့ အချက်ရယ်၊ နျူးကလီးယား လက်နက်ကို ဘယ်အချိန်မှာ သုံးရမလဲဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်တယ် လို့သိရပါတယ်။

အစိုးရအဖွဲ့ဝင်တချို့က အမေရိကန်ရဲ့ နျူးကလီးယား လက်နက်တွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သက်သက်၊ ကိုယ် တိုက်ခိုက်မခံရအောင် အရံအတား သက်သက်ပဲ ဖြစ်မယ်လို့ ကြေငြာစေချင်ပါတယ်။ တချို့အစိုးရ အရာရှိကြီးတွေကတော့ အရေးကြုံလာရင် ကိုယ်က စတိုက်နိုင်တယ် ဆိုတဲ့ အချက်ကို ချန်မထားခဲ့မယ့် စကားအသုံးအနှုံးမျိုးကိုပဲ သုံးစေချင်နေကြတာဖြစ်ပါတယ်။

သမ္မတအိုဘားမား အစိုးရဟာ အဓိက လက်နက် ပြိုင်ဖက်ဖြစ်ခဲ့တဲ့ ရုရှားနဲ့လည်း ဗျူဟာမြောက် လက်နက်တွေ လျှော့ချရေးကို ဆက်ဆွေးနွေးနေပါတယ်။ အခုနောက်ဆုံး စာရင်းတွေ အရ အမေရိကန်မှာ နျူးကလီးယား ထိပ်ဖူး ၂၂၀၀ ကျော်ရှိပြီး၊ ရုရှားမှာတော့ ၂၈၀၀ လောက်ရှိတယ်လို့သိရပါတယ်။