The Hurt Locker အော်စကာ ၆ဆုရ

အော်စကာဆုရ The Hurt Locker ရုပ်ရှင်ကား
Image caption အော်စကာဆုရ The Hurt Locker ရုပ်ရှင်ကား

၂၀၁၀ ခုနှစ် အတွက် ဟောလီးဝုဒ် ရုပ်ရှင် အော်စကာ ဆု ပေးပွဲမှာ ဆုရှိသူတွေ ကို မတ်လ ရ ရက်နေ့ညက ကြေငြာခဲ့ပါပြီ။

အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ ဒါရိုက်တာ ဆု အပါအဝင် အော်စကာ ၆ ဆုကို ဆွတ်ခူးသွားတဲ့ The Hurt Locker ရုပ်ရှင် ကတော့ တကယ့်ကို သမိုင်းတွင်သွားပြီလို့ ပြောရမှာပါ။

ဆုကြီး ခြောက်ခုတောင် ရသွားခဲ့တဲ့ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့သူ Kathryn Bigelow ဟာလည်း အော်စကာ ဆုရတဲ့ ပထမဆုံး အမျိုးသမီး ဒါရိုက်တာ ဖြစ်သွား လို့ပါပဲ။

ဒီလို ဆုရတဲ့ အတွက် သူ့ ဘဝ ရည်မှန်းချက် ပြည့်မီသွားရပါပြီလို့ ဆုလက်ခံစဉ်မှာ ဝမ်းသာ အားရ ပြောခဲ့ သလို ဒီဆုဟာ နေ့စဉ်နဲ့ အမျှ သူတို့ အသက်တွေကို ရင်းပြီး တာဝန် ထမ်းဆောင်နေကြသူ အမျိုး သား အမျိုး သမီး စစ်သည်တွေကို ရည်ရွယ်ပါတယ် လို့ ပြောသွားပါတယ်။

Image caption အော်စကာဆုရ The Hurt Locker ရုပ်ရှင် ကား ကို ရိုက်ကူးတဲ့အမျိုးသမီးဒါရိုက်တာ Kathryn Bigelow လဲ အော်စကာဆုရ

Kathryn Bigelow ဟာ အကောင်းဆုံး ဒါရိုက်တာ အဖြစ် ဆန်ကာတင် ရွေးခံရသူ ထဲမှာ ပါတဲ့ သူ့ရဲ့ ခင်ပွန်းဟောင်း Avatar ရုပ်ရှင် ဒါရိုက်တာ James Cameron ကိုလည်း အနိုင်ရသွားတာလို့ ဆိုရပါမယ်။

အဲဒီ Avata ရုပ်ရှင်ကား က နည်းပညာပိုင်းနဲ့ ဆိုင်တဲ့ အမျိုးအစား အောက်မှာတော့ အော်စကာ သုံးဆု ဆွတ်ခူး သွားခဲ့ ပါတယ်။

အကောင်းဆုံး ဇာတ်ဆောင်မင်းသား ဆုကို Crazy Heart ရုပ်ရှင်က မင်းသား Jeff Bridges ရသွားခဲ့ပြီး၊ အကောင်းဆုံး မင်းသမီး ဇာတ်ဆောင်ဆုကိုတော့ The Blind Side ရုပ်ရှင်ထဲက Sandra Bullock က ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆုကို Precious ရုပ်ရှင်ကားထဲက Mo’Nique ရသွားသလို အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကိုတော့ Inglorious Bastards ရုပ်ရှင်ထဲက Christoph Waltz က ဆွတ်ခူး သွားခဲ့ ပါတယ်။

Image caption Burma VJ ကားဟာ ၂၀၀၇ သံဃာတွေရဲ့ လှုပ်ရှားမှု အကြောင်းရိုက်ကူးထားတာပါ

ဒီနှစ် အော်စကာ ဆုပေးပွဲမှာ ရွေးချယ် ခံရနိုင်တယ်လို့ လူ အတော်များများက ခန့်မှန်း ထားခဲ့ ကြတဲ့ မြန်မာ နိုင်ငံ အကြောင်း ရိုက်ကူးထားတဲ့ Burma VJ ကား ကတော့ အော်စကာနဲ့ လွဲသွားခဲ့ပါတယ်။

အကောင်းဆုံး မှတ်တမ်း ရုပ်ရှင် အဖြစ် ရွေးချယ် မခံခဲ့ရ ပေမဲ့ ဒီရုပ်ရှင်ဟာ ကပရိတ်သတ်ရဲ့ နှလုံးသားကို ဖမ်းစားနိုင်စွမ်းရှိတယ်လို့ ကြည့်ဖူးသူတိုင်း က ပြောကြပါတယ်။

ဒီရုပ်ရှင်ဟာ မြန်မာ နိုင်ငံ တွင်းကို သွားပြီး ရိုက်ခွင့် ရခဲ့တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သံဃာ့ လှုပ်ရှားမှု ဖြစ်ခဲ့ချိန်က အခြေအနေကို အများ ပြည်သူ သိအောင် လူထုက ပါဝင်ပြီး ဗွီဒီယို သတင်း ရိုက်ကူး ရယူ ပေးပို့ခဲ့တာ တွေကို ပေါင်းစပ်ပြီး ရုပ်ရှင် ကားကြီး အဆင့် ရောက်အောင် ရိုက်ကူး တင်ပြနိုင်ခဲ့တာပါ။

အော်စကာ ဆုပေးပွဲမှာ ဆန်ကာတင် အဆင့်ထိ ရွေးချယ်ခံခဲ့ရတာကိုက ဒါရိုက်တာ နဲ့ သတင်း သမားတွေရဲ့ စွမ်းပကား တွေကြောင့်ဖြစ်ပြီး အော်စကာ ဆုနဲ့ လွဲခဲ့ ပေမဲ့ ဒီရုပ်ရှင် ကားကြောင့် မြန်မာ့ နိုင်ငံ အရေးကို နိုင်ငံ တကာက ပို သိအောင် လုပ်ဆောင်နိုင်ခဲ့တာ ကတော့ သေချာပါတယ်။