အိန္ဒိယနိုင်ငံမှာ သန်းခေါင် စာရင်း ကောက်ယူမှု စတင်

india census
Image caption အိန္ဒိယ နိုင်ငံမှာ လူဦးရေ သန်းခေါင် စာရင်း ကောက်ယူ မှု စတင်

အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုကို စတင် လုပ်ဆောင် လိုက် ပါတယ်။

၂၀၀၈ ခုနှစ် စာရင်းအရ လက်ရှိ ခန့်မှန်းလူဦးရေ သန်း ၁၁၄၀ နီးပါးရှိနေတဲ့ လူဦးရေ ကို အခုတခါ စာရင်း တိတိကျကျ ကောက်လာ တာပါ။

အသက် ၁၅ နှစ်နဲ့အထက် ရှိသူတိုင်း ကို ဓာတ်ပုံလည်း ရိုက်မယ်၊ လက်ဗွေရာလည်း ယူမှာ ဖြစ်သလို ကိုယ်မှာ ထင်ရှားတဲ့ အမှတ် အသား၊ မျက်လုံးအရောင် စတဲ့ အချက် အလက် တွေကို စာရင်း ကောက်မှာပါ။

ဒီလိုလုပ်တာဟာ နိုင်ငံလုံး ဆိုင်ရာ ဇီဝမှတ်ပုံတင်တွေ ထုတ်ပေးဖို့ ရည်ရွယ် လုပ်ဆောင် တာလည်း ဖြစ်ပါတယ်။

ဇီဝမှတ်ပုံတင် ဆိုတာက အင်္ဂလိပ်လို biometric လို့ခေါ်တဲ့ ကတ်ပြား ဖြစ်ပြီး အဲဒီ ကတ်ပြား မှာ လူတစ်ယောက်ရဲ့ အသက်၊ နေရပ်၊ မိဘ၊ ကိုးကွယ်ရာဘာသာ၊ ပြစ်မှု မှတ်တမ်း၊ စသဖြင့် အကြောင်း အရာစုံ ကို ခဏချင်းမှာ ကြည့်လို့ ရနိုင်တဲ့ စနစ်ပါ။

အိန္ဒိယ သမ္မတ ပရာတီဗား ပတဲလ် က အခုလို သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စကို ပြည်သူ အားလုံး ပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အိမ်စု စာရင်းတွေ ကိုတော့ ဒီကနေ့ ကြာသပတေး နေ့မှာ စတင်ကောက်ခံမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ လောက် ကုန်ကျ မယ့် ဒီစာရင်း ကောက်ယူမှု တစ်ခုလုံး က လာမဲ့နှစ် ၂၀၁၁ နှစ်လယ်မှာ ပြီးဆုံး မှာ ဖြစ် ပါတယ်။

အိန္ဒိယ နိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၇၀၀၀ ကျော်၊ ရွာပေါင်း ၆ သိန်းကျော်ဆီ ကို လူဦးရေ သန်းခေါင်စာရင်း အရာရှိ နှစ်သန်းခွဲက အိမ်တိုင် ရာရောက် သွားရောက်ပြီး စာရင်း ကောက်ယူ ကြမှာ ဖြစ်ပါတယ်။

ဒီလို ကောက်ယူ ပြီးရင်တော့ ၁၅ နှစ် ကျော်ပြီး သူတိုင်းကို ဂဏန်း ၁၆ လုံးပါ နိုင်ငံသား ဇီဝ မှတ်ပုံတင် ကတ်ပြားတွေ ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်က ကောက်ယူ ရရှိခဲ့တဲ့ စာရင်း ဇယားတွေ အရတော့ မွတ်ဆလင် လူဦးရေ က တခြားလူဦးရေ ထက် အထူးသဖြင့် ဟိန္ဒူ လူဦးရေထက် သိသိသာသာ တိုးတက် ခဲ့တယ် လို့ သိရ ပါတယ်။

လူဦးရေ သန်းခေါင်စာရင်း ကောက်မဲ့ကိစ္စ နဲ့ ပတ်သက်ပြီး အိန္ဒိယ ပြည်သူတွေ ကလည်း စိတ်ဝင်စား နေကြ ပါတယ်။