တရုတ်ဝန်ကြီးချုပ် ရန်ကုန်ရောက်

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ နှစ်ရက်ကြာ မြန်မာခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ဒီကနေ့မှာ ရန်ကုန်ကို ရောက်ရှိပြီး ရန်ကုန်ရောက် တရုတ် အသိုင်း အဝိုင်းနဲ့ တွေ့ဆုံမယ်၊ ရွှေတိဂုံ ဘုရားကိုလည်း သွားရောက် ဖူးမျှော်မယ်လို့ သိရပါတယ်။

Image caption တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်

မနက်ဖြန်မှာတော့ နေပြည်တော်ကို သွားပြီး၊ မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ တွေ့ဆုံလို့ နှစ်နိုင်ငံ နှစ်ဘက် သဘောတူ စာချုပ်တွေ ချုပ်ဆိုဖို့ ရှိပါတယ်။ တရုတ် ဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အခြေခံ အဆောက်အဦ တည်ဆောက်တဲ့ ကျွမ်းကျင်မှုတွေကို မြန်မာက ရနိုင်သလို မြန်မာရဲ့ စွမ်းအင် အရင်းအမြစ်တွေကို တရုတ်က ရယူမယ့် အကြောင်း၊ နှစ်နိုင်ငံ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နှစ်ဘက် အပြန်အလှန် အကျိုးပြုကြမယ့် အကြောင်းတွေ ဆွေးနွေး နိုင်တဲ့အကြောင်း ဘီဘီစီ ကမ္ဘာတစ်လွှား အစီအစဉ်က တရုတ်နိုင်ငံ အရေး ကျွမ်းကျင်သူ မစ္စတာ ရှီရွန်းချန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပပေးဖို့ စစ်အစိုးရကို တရုတ် ဝန်ကြီးချုပ်က ပြောဆို နိုင်မှာပါလားလို့ မေးတာကိုတော့ မစ္စတာ ရှီရွန်း က သူ့အနေနဲ့ မထင်ကြောင်း၊ တရုတ်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲ ဆိုတာ မရှိကြောင်း၊ အင်္ဂလိပ် စကားပုံအရ ဆိုရင် မှန်တွေနဲ့ ဆောက်ထားတဲ့ အိမ်မှာ နေတဲ့သူဟာ သူများကို ခဲနဲ့ မပေါက်ရဘူးလို့ တင်စား သုံးသပ်ပြ ပါတယ်။

နောက်ပြီး တရုတ်နိုင်ငံ အနေနဲ့ သူများ နိုင်ငံတွေကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါလို့ မပြောတတ်ကြောင်း၊ ဒါကြောင့် တရုတ် ဝန်ကြီးချုပ်ဟာ မြန်မာ ခရီးစဉ် အတွင်းမှာ ဒီမိုကရေစီတို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲတို့ ဆိုတာတွေကို ပြောမယ်လို့ သိပ်မထင်ဘဲ နဂို သဘောတူ ပြီးသား နားလည်မှု စာချွန်လွှာ တွေကို လက်တွေ့ ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာတွေကိုပဲ ဆွေးနွေးမယ်လို့ ထင်မြင်ကြောင်း သူက သုံးသပ် သွားပါတယ်။

မြန်မာနဲ့ တရုတ်ဟာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ပြီး၊ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ လက်နက်ကိုင် မြန်မာတိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး ဒီခရီးစဉ်မှာ ဆွေးနွေး နိုင်မှာပါလား ဆိုတာကိုတော့ မစ္စတာ ရှီရွန်းက ကိုးကန့်ဒေသကို စစ်အစိုးရ အပြုတ်တိုက်ခဲ့လို့ ဒေသထဲက ဒုက္ခသည်တွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲ အလုံးအရင်း ထွက်ပြေးခဲ့ကြတုန်းက တရုတ်နိုင်ငံခြားရေး ဌာနက မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးကို ခြုံကြည့်မယ်ဆိုရင် တော့ တရုတ်က မြန်မာကို အိမ်နီးချင်း နိုင်ငံအဖြစ် ရှိစေချင်တာပါလို့ မစ္စတာ ရှီရွန်းက သုံးသပ်ခဲ့ပါတယ်။