ဂိုးသွင်းဘုရင် ဘယ်သူဖြစ်မလဲ

Image caption ရွှေဖိနပ်ဆုရှင်လောင်းတွေလား။

မက်ဆီ၊ ရော်နယ်ဒို၊ တောရက်စ်၊ ရွန်နီ၊ ကာကာ၊ ဖယ်ဘီယာနို၊ ဗီလာ -- ဘောလုံး ဝါသနာအိုးတွေနဲ့ ရင်းနှီးပြီးသား ဒီ ဂိုးသွင်းဘုရင်တွေဟာ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ ဂိုးအများဆုံးသွင်းသူ ရွှေဖိနပ်ဆု ပိုင်ရှင်တွေ ဖြစ်လာနိုင်ကြသူတွေချည်းဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားသမိုင်းမှာ နာမည်မထင်ရှားသူတွေက ရွှေဖိနပ် ပိုင်ရှင်တွေ ဖြစ်လာခဲ့ဘူးတဲ့ အစဉ်အလာတွေလည်း ရှိနေပါတယ်။ ဥပမာ ၁၉၉၀ ကမ္ဘာ့ဖလားတုန်းက အီတလီက စကီလာဆီ နဲ့ ၁၉၉၄ က ရုရှားရဲ့ အိုလက်ဂ် ဆာလင်ကို တို့လို ဘောလုံးသမားတွေပါ။

ဒါပေမယ့် နာမည်ကြီး ဘောလုံးသမားတွေကပဲ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တာတွေလည်း အများကြီးပါ။ ၁၉၆၆ မှာ ပေါ်တူဂီက ယူဆေဘီယို၊ ၁၉၇၈ မှာ အာဂျင်တီးနားက မာရီယို ကင်းပတ်စ်၊ ၁၉၈၂ မှာ အီတလီက ပေါ်လိုရော့ဆီ၊ ၁၉၇၀ မှာ ဂျာမနီက ဂတ်မူလာ နဲ့ ၂၀၀၂ မှာ ဘရာဇီးက ရော်နယ်ဒို တို့ဟာ ပွဲ မစခင်ကတည်းက အများက လန့်မှန်းထားခဲ့ကြသူတွေပါ။

ဒီနှစ်ထဲမှာ ရှေ့က ပြေးနေသူတွေရဲ့ အလားအလာကို ဘီဘီစီက လေ့လာကြည့်တဲ့ အခါ -

Image caption စပိန်က ဒေးဗစ် ဗီလာ

ဒေးဗစ် ဗီလာ (စပိန်) - နိုင်ငံတကာပွဲ ၅၈ ပွဲမှာ သွင်းဂိုး ၃၈ ဂိုးနဲ့ ဆိုတော့ သူ့ရဲ့ ဂိုးသွင်းစံချိန်က တော်တော်လေး ကောင်းနေပါတယ်။ စပိန်အသင်း ၂၀၀၈ မှာ ဥရောပဖလားရတုန်းက ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကို ဒဏ်ရာကြောင့်မကစားနိုင်ပေမယ့် လေးပွဲကစား လေးဂိုး သွင်းပေးခဲ့သူပါ။ ဗလင်စီရာ ကစားသမား အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဗီလာကို ဥရောပ ကလပ်အသင်းတွေက တော်တော်လေး လိုချင်ကြပါတယ်။ ဒါပေမယ့် ဘာစီလိုးနားက ဦးသွားပြီမို့ လာမယ့်နှစ် ဘာစာရဲ့ တိုက်စစ်မှုး တစ်ယောက်အဖြစ် သူ့ကို တွေ့ကြရတော့မှာပါ။

လီယွန်နယ်မက်ဆီ (အာဂျင်တီးနား) - ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုးနားအတွက် ၃၅ ပွဲကစားပြီး ၃၄ ဂိုးသွင်းထားပါတယ်။ မက်ဆီဟာ လောလောဆယ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံအတွက် ကစားတဲ့ ပွဲတွေမှာတော့ သူ့ခြေက ပုံမှန်ပဲ ရှိခဲ့ပါတယ်။ ၄၅ ပွဲမှာ ၁၃ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ လိမ်ခေါက် ဂိုးသွင်းနိုင်စွမ်းကိုတော့ ဘယ်သူကမှ လျှော့တွက်မထားကြတာကတော့ သေချာပါတယ်။

ဝိန်း ရွန်နီ (အင်္ဂလန်) - ရွန်နီရဲ့ ဂိုးသွင်းစံချိန်ကတော့ နိုင်ငံတကာပွဲတွေမှာ ဗီလာ လောက်မကောင်းပါဘူး၊ ပွဲ ၆၀ မှာ ၂၅ ဂိုးပဲ သွင်းထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရွန်နီဟာ ခရစ်တီယာနို ရော်နယ်ဒို ထွက်သွားပြီးကတည်းက သူ့စိတ်ကြိုက် ရှေ့တန်း တိုက်စစ်နေရာကို ရလာပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအတွက် ၃၄ ဂိုးသွင်းပေးခဲ့ပါတယ်။ အင်္ဂလန်အသင်း အနဲဆုံး ဆီမီးရောက်ရင်တော့ ရွန်နီလည်း ရွှေဖိနပ်ဆု မျှော်လင့် နိုင်မှာပါ။

လူးဝစ် ဖေဘီယာနို (ဘရာဇီး) - ဖေဘီယာနို ဟာ ဘရာဇီးအတွက် ၃၈ ပွဲ ကစားပြီး ၂၅ ဂိုး သွင်းထားပါတယ်။ ဆယ်ဗီးယားအသင်းမှာ ကစားနေတဲ့ ဖေဘီယာနိုဟာ ကလပ်အတွက် စုစုပေါင်းဂိုး ၉၀ သွင်းပေးထားသူပါ။

တကယ်တော့ ကမ္ဘာ့ဖလား ရာဇဝင်မှာ ရွှေဖိနပ်ဆုကို ဘယ် ဘောလုံးသမားမှ နှစ်ကြိမ် မရဖူးသေးပါဘူး၊ ဒါပေမယ့် ဒီနှစ်မှာ ဂျာမနီက မီလိုလပ် ကလိုစာအတွက် အဲ ဒီစံချိန်ကို ချိုးနိုင်မယ့် အခွင့်အလမ်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုးနဲ့ ရွှေဖိနပ်ရခဲ့တဲ့ ကလိုစာဟာ ၂၀၀၂ ခုနှစ်တုန်းကလည်း ဘရာဇီးက ရော်နယ်ဒို နောက် ဒုတိယ ဂိုးအများဆုံးသွင်းခဲ့သူ ဖြစ်ပါတယ်။