ရေနံဖိတ်တဲ့ ကိစ္စ အိုဘားမား ပြည်သူကို တင်ပြ

oil spill
Image caption သက်မွေးဝမ်းကျောင်းနစ်နာသူတွေ ကလည်း လျော်ကြေးရလို။

အမေရိကန်သမ္မတ အိုဘားမားက မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံတွေယိုဖိတ်တဲ့ ကိစ္စကို သူ့အစိုးရက ဘယ်လို ကိုင်တွယ်နေတယ်၊ ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာ ကို ပြည်သူလူထုကို ရုပ်မြင်သံကြားက တိုက်ရိုက်ရှင်းပြခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြီးကို သမ္မတဘယ်လို ကိုင်တွယ်နေသလဲဆိုတာကို လူထုက စောင့်ကြည့်နေပါတယ်။ လူထု စစ်တမ်းတွေအရ အများစုက သမ္မတဟာ ပျော့လွန်းတယ်။ ရေနံယိုဖိတ်မှုမှာ တာဝန်ရှိတဲ့ ဘီပီ ကုမ္ပဏီကို တင်းတင်းကြပ်ကြပ် အရေးမယူဘူးလို့ ယူဆကြပါတယ်။

သမ္မတကလည်း ဒီအခြေအနေတွေကို သဘာေပေါက်လို့ ရေနံယိုဖိတ်မှု ဒဏ် ဆိုးဆိုးဝါးဝါး ခံနေရတဲ့ ပင်လယ်ကွေ့က ဖလော်ရီဒါ ကမ်းရိုးတန်းကို လေးကြိမ်မြောက် အင်္ဂါနေ့က သွားခဲ့ပါတယ်။

မစ္စတာအိုဘားမားက ရေနံယိုဖိတ်မှုအတွက် ဘီပီ ကုမ္ပဏီရဲ့ ပေါ့ဆမှုကို အပစ်တင်လိုက်ပြီး၊ ပျက်စီးမှုတွေ အတွက် ဘီပီက လျော်ကြေးတွေ အပြည့်အဝ မရမချင်း သူမနားမနေ လုပ်သွားမယ်လို့ပြောလိုက်ပါတယ်။

Image caption သမ္မတကိုယ်တိုင် ပင်လယ်ကွေ့အခြေအနေကို သွားလေ့လာ

သမ္မတရဲ့ အစီအစဉ်တွေထဲမှာ ဘီပီကုမ္ပဏီက ပေးမယ့် လျော်ကြေးကို သီးခြားစီမံခန့်ခွဲတဲ့ အဖွဲ့တစ်ခုဆီမှာ အပ်နှံထားပြီး နစ်နာသူတွေကို အမြန်ဆုံး ပေးသွားနိုင်အောင် လုပ်မယ့် ကိစ္စလဲပါပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ဘီပီဆီက ဒေါ်လာ ဘီလီယံ ၂၀ ကို ဖယ်ထားပြီး လျော်ကြေးတွေပေးသွားဖို့ လုပ်ချင်ပါတယ်။ ဘီပီဖက်ကတော့ ဒီအစီအစဉ်ကို သဘောတူကြောင်း မပြောသေးပါဘူး၊ သမ္မတကတော့ လိုအပ်ရင် ဥပဒေကြောင်းအရ ဘီပီ လိုက်နာအောင် လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။

အိုဘားမားဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ လဲ ဘီပီ ကုမ္ပဏီ အရာရှိချုပ်နဲ့ တွေ့ပြီး ဒီအကြောင်းတွေ ဆွေးနွေးမှာပါ။

တခါ အင်္ဂါနေ့မှာပဲ အမေရိကန် အောက်လွှတ်တော် စွမ်းအင်ကော်မီတီက ဘီပီအပါအဝင် အမေရိကန်မှာ လုပ်ငန်းတွေ လုပ်နေတဲ့ ရေနံကုမ္ပဏီကြီးတွေက အရာရှိကြီးတွေနဲ့ တွေ့ခဲ့ပါတယ်။

ကုမ္ပဏီကြီးတွေက သူတို့မှာ အန္တရယ်ကင်းရေး အစီအမံတွေ ရှိပါတယ်လို့ပြောပေမယ့် ကွန်ဂရက်အမတ် ဟင်နရီ ဝက်စ်မင်းကတော့ ဒီလုပ်ငန်းကြီးတွေဟာ စာရွက်ပေါ်မှာ ပဲ အစီအစဉ်တွေ ရှိကြပြီး လက်တွေ့လုပ်ငန်းစဉ်မရှိဘူးလို့ဝေဖန်ပါတယ်။

သူက ကုမ္ပဏီတွေတင်ပြတဲ့ အစီအမံတွေထဲမှာ သေဆုံးသွားပြီဖြစ်တဲ့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဆက်သွယ်ရန်နံပါတ်ပါနေတာ၊ နောက်ပြီး မက္ကဆီကို ပင်လယ်ကွေ့မှာ မရှိတော့တဲ့ ဝေါလရပ်စ် ပင်လယ်ဖျံတွေကာကွယ် စောင့်ရှောက်သွားမယ် ဆိုတဲ့ အစီအစဉ်တွေပါနေတာကို ထောက်ပြသွားပါတယ်။