အင်္ဂလန် ရှုံးခြင်းမလှ

Germans celebrate
Image caption ဂျာမနီ အောင်ပွဲခံ

ဂျာမနီ ၄ - ၁ အင်္ဂလန်

ပွဲမစခင်က အင်္ဂလန် သတင်းစာတွေ အားကစား သုံးသပ်သူတွေက အင်္ဂလန်ဘောလုံးသမားတွေဟာ တစ်ဦးချင်းပဲ ကြည့်ကြည့် အသင်းလိုက်ပဲ ပြောပြော ဂျာမနီထက်သာပါတယ်လို့ ရေးကြ ပြောကြတာတွေအားလုံးကို အခုပွဲ အဖြေက ချေဖျက်ပြလိုက်တာပါ။

ဘီဘီစီတီဗီမှာ ပွဲကို တိုက်ရိုက်ပြနေတုန်း ဘောလုံသမားဟောင်းကြီးတွေကတော့ အင်္ဂလန် ဒီနေ့ကစားသွားပုံအရ လေးဂိုးပဲ သွင်းခံရတာတောင် တော်တော်လေး ကံကောင်းတာပါလို့ တညီတညာထဲ ပြောကြပါတယ်။

အထူးသဖြင့် အင်္ဂလန်နောက်တန်းမှာ ကစားသွားကြတဲ့ ဂျွန်ဆင်၊ အပ်ပဆင်၊ တယ်ရီနဲ့ ကိုးလ်တို့ဟာ အချိတ်အဆက်လဲမမိ၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလဲ မရှိကြပဲ ဂိုးနဲ့ နောက်တန်းအကြား ကွက်လပ်အကြီးကြီးတွေ ဖြစ်ကျန် ကျန်နေခဲ့တာတွေ့ရပါတယ်။

ဒီကွက်လပ်ကို ဂျာမနီက ကောင်းကောင်း အသုံးချနိုင်သွားပါတယ်။ အလယ်တန်းနားထိ တက်နေပြီး ဘောလုံးက ကိုယ့်ဖက်ပြန်ရောက်လာရင် အင်္ဂလန် နောက်တန်းတွေ အမီပြန်မလိုက်နိုင်ပဲ ကျန်နေခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။

မိနစ် ၂၀ မှာ ရသွားတဲ့ ဂျာမနီရဲ့ ပထမဆုံးဂိုးကလည်း အဲဒီနည်းနဲ့ ရသွားတာပါ။ ဂျာမန်ဂိုးသမားက အမြောက်ကန်တင်လိုက်တဲ့ ဘောလုံးက ရှေ့ကိုရောက်နေတဲ့ အင်္ဂလန်နောက်တန်းတွေကို ကျော်ပြီးကျအလာမှာ ကလိုစာက ဆွဲပြေးပါတယ်။ တယ်ရီရော အပ်ပဆင်ပါ အမီပြန်လိုက်မဖျက်နိုင်လို့ ကလိုစာက ပြေးပြေးကန်ကန် သွင်းယူသွားတာပါ။

ဒုတိယဂိုးကလဲ အင်္ဂလန်ဂိုးဧရိယာအစပ်မှာ ကလိုစာနဲ့ မူလာ အပေးအယူလုပ်ပြီး မူလာက အင်္ဂလန်နောက်ခံလူတွေ မရှိနေတဲ့ ဂိုးရှေ့ကွက်လပ်ကို ချပေးတဲ့ ဘောလုံးကို လူးကပ် ပိုလ်ဒေါ့စကီးက ထောင့်ထဲကို ကန်သွင်းတာပါ။ ၃၂ မိနစ်ပဲ ရှိသေးတယ်၊ ဂျာမနီ ၂ ဂိုးရနေပါပြီ။

အင်္ဂလန်နောက်တန်းလူတွေရဲ့ မသေသပ်မှုတွေကို ဂျာမနီက အကွက်စေ့စေ့ ဒုက္ခပေးနိုင်နေပါတယ်။

ဂိုးသမား ဒေးဗစ်ဂျိမ်းနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကလိုစာနောက်ထပ် ကန်သွင်းတဲ့ ဘောလုံးကိုလည်း ဂျိမ်း ခြေနဲ့တားလိုက်နိုင်လို့သာ နောက်ထပ် ဂိုးမဝင်တာပါ။

ဒါပေမယ့်နဲ့ အင်္ဂလန်အတွက် ၃၇ မိနစ်မှာ အသက်ရှုချောင်စရာ တစ်ဂိုးပြန်ရပါတယ်။ စတီဗင်ဂျဲရတ် ညာဖက်ကနေ ဂိုးရှေ့အမြောက်ကန်ပေးတဲ့ ဘောလုံးကို အပ်ပဆင်က ဂျာမန်ဂိုးသမား ခုန်မပုတ်ထုတ်နိုင်ခင် အရင်ခေါင်းတိုက်ပြီး သွင်းလိုက်တာပါ။

Image caption အင်္ဂလန် ကပ္ပတိန်ဂျဲရတ်

အင်္ဂလန်အားတက်လာပြီး ရှေ့ကိုတရစပ် တိုက်စစ်ဆင်ပါတယ်။ ဂျာမနီနောက်ကို ဆင်းပြီးပြန်ခံနေရပါတယ်။ ဒီလိုနဲ့ နောက်ထပ်တစ်မိနစ်ပဲ ကြာပါတယ်။အင်္ဂလန်အသင်းက ဖရန့်လမ်းပတ်က ဂိုးဧရိယာ အပြင်နားက အမြောက်ကန်လိုက်တဲ့ ဘောလုံး ဂိုးသမားကို ကျော်ပြီး ဂိုးဘားတန်းနဲ့ထိလို့ ဂိုးထဲဝင်သွားပါတယ်။ ပြီးမှ ထောက်ပြီးပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမားက ဖမ်းပါတယ်။ ဘေးက စည်းကြပ်ဒိုင်က ဂိုးထဲ မဝင်ဘူးဆိုပြီး ဂိုးမပေးပါဘူး၊ ရုပ်မြင်သံကြားက ပြန်ပြကွက်တွေမှာ တော့ ဘောလုံးဟာ ၂ ပေလောက် ဂိုးစည်း အတွင်းထဲကို အသေအချာဝင်သွားခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ အင်္ဂလန် အသေအချာသွင်းခဲ့တဲ့ ဂိုး မရလိုက်တာပါ။

၂ ဂိုးစီသရေနဲ့ ပွဲပြီးသင့်ပေမယ့် တကယ်ဆို အင်္ဂလန်ကစားပုံဟာ ပထမပိုင်းမှာတင် ၃ ဂိုး ၄ ဂိုး လောက်ရှုံးနေနိုင်တယ်လို့ ဘီဘီစီ ဘောလုံး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

အင်္ဂလန် တိုက်စစ်ပြန်ဆင်နေချိန်နဲ့ ပထမပိုင်းပြီးသွားတော့ ဒုတိယပိုင်းမှာ ပိုကောင်းလာမလား လို့မျှော်လင့်ခဲ့ချက်တွေဟာလည်း တဖြည်းဖြည်းနဲ့ မှိန်သွားခဲ့ပါတယ်။

၆၂ မိနစ်မှာ ဂျာမနီက မူလာက တတိယဂိုးသွင်းပါတယ်။ ဒီဂိုးက ဂျာမန်ဂိုးဧရိယာကနေ စသွားတာပါ၊ အင်္ဂလန် ပစ်ဒဏ်ဘောရတာကို ဂျဲရတ်ကန်တယ်။ ဂျာမန်နောက်ခံလူတွေက ပိတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ရွှိုင်းစတိုင်ဂါက ဘယ်ဖက်က ဆွဲပြေးပြီး ညာတောင်ပံက ပြေးလာနေတဲ့ မူလာကို အတိအကျလေးချပေးတာ မူလာက ဂိုးသမားဒေးဗစ်ဂျိမ်းရဲ့ ညာဖက်ထောင့်ကို အပြင်းကန်သွင်းသွားတာပါ။

သိတ်မကြာလိုက်ပါဘူး၊ ဂျာမန် လေးဂိုးမြောက်သွင်းပါတယ်။ ဒါကတော့ ဂျာမန် အလယ်တန်းက ခြေစွမ်းပြနေတဲ့ အူးဇယ်က အင်္ဂလန်က ဂျွန်ဆင်ကို လိမ်ပြီးခေါက်ပြီး ဂိုးရှေ့ကို ဖြတ်ပြီးချပေးတာပါ၊ ဒါကို တဖက်က ယှဉ်ပြေးလာနေတဲ့ မူလာက သာသာလေးပဲ ပိတ်ပြီး ဂိုးသွင်းသွားတာပါ။

ဂျာမန်ရတဲ့ ဂိုးအားလုံးဟာ အင်္ဂလန်နောက်တန်း မသေမချာနိုင်မှု၊ ယှဉ်မပြေးနိုင်မှု၊ အချင်းချင်း အချိတ်အဆက် နားလည်မှု မရှိမှုတွေ ကြောင့်ပေးလိုက်ရတဲ့ ဂိုးတွေချည်းပါပဲ။

ဂျာမန်အသင်းကတော့ အလယ်တန်းရော ရှေ့တန်းပါ အင်္ဂလန်ထက် အများကြီး သာလွန်ပြီး ကစားသွားနိုင်ခဲ့ပါတယ်။

တကယ်ဆို ဒီနှစ်ကမ္ဘာ့ဖလားပွဲဝင်တဲ့ ဂျာမန်အသင်းဟာ လူငယ်လေးတွေအများစုနဲ့ ဖွဲ့ထားတဲ့ အသင်းပါ။

ဒီအသင်းက ပရီးမီးယားလိခ်က စူပါစတားတွေပါတဲ့ အင်္ဂလန်ကို ပြတ်ပြတ်သားသား ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ပြိုင်ဖက်ဟောင်းကြီး ဂျာမနီကို မရှုမလှ ရှုံးခဲ့ရပြန်ပါပြီ။ ဒီ အရှုံးဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားသက်တန်းမှာ အဆိုးဆုံးဂိုးပြတ်နဲ့ ရှုံးတဲ့ အရှုံးလဲဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ တစ်ပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံးနဲ့ အခုတော့ ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။

Image caption တဲဗက် ကန်သွင်းတဲ့ဂိုး မက္ကဆီကို ဂိုးသမား မဖမ်းနိုင်

အာဂျင်တီးနား ၃ - ၁ မက္ကဆီကို

တကယ်တော့ မက္ကဆီကို ဂိုးရှုံးပေမယ့် ခြေမရှုံးဘူးလို့ ပြောနိုင်တဲ့ပွဲပါ။ အာဂျင်တီးနားကို အကောင်းဆုံးယှဉ်ကစားဖို့ဟာ တိုက်စစ်ဆင်ဖို့ပဲလို့ မက္ကဆီကိုတွေ တွက်ပုံရပါတယ်။ စကစားကတည်းက ပွဲပြီးတဲ့ အထိ တိုက်စစ်ဆင်သွားတာမို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။

မက္ကဆီကိုကတောင် အရင်ဂိုးသွင်းခွင့်ရခဲ့တာပါ။ ဆယ်ဆီဒိုး လှမ်းကန်တဲ့ ဂိုး ဘားတန်းထိပြီးထွက်သွားလို့သာ အာဂျင်တီးနား တစ်ဂိုးသက်သာသွားတာပါ။ နောက်တစ်လုံးကလဲ တိုင်ဘေးနားကပ်ထွက်သွားခဲ့တာပါ။

မက်ဆီ၊ တဲဗက် နဲ့ ဟီဂွေယင်ပါတဲ့ အာဂျင်တီးနားရဲ့ တိုက်စစ်ကလဲ ဘယ်တော့ဂိုးရမလဲ လို့ စောင့်ကြည့်နေရတဲ့ တိုက်စစ်မျိုးပါ။

အာဂျင်တီးနား ရသွားတဲ့ အဖွင့်ဂိုးကတော့ လူကျွံဘောကနေ သွင်းသွားတဲ့ ဂိုးပါ။ တဲဗက်ကန်သွင်းတဲ့ဘောလုံး ဂိုးသမားလှဲအိပ်ဖမ်းပြီး ပြန်ထွက်လာတာကို မက်ဆီက အသာလေးကျော်ပြီးချပေးတယ်၊ ဒါကို ရှေ့မှာ ရောက်နေပြီးသား တဲဗက်က ခေါင်းတိုက်သွင်းပါတယ်။ တကယ်တော့ တဲဗက် လုံးဝ လူကျွံနေခဲ့တာပါ။ ဒိုင်က ဂိုးပေးလိုက်ပါတယ်။ မက္ကဆီကိုတွေ ဘာမှ မတတ်နိုင်ပါဘူး။

နောက်ထပ် ၈ မိနစ်ပဲ ကြာပါတယ်။ အာဂျင်တီးနား နောက်တစ်ဂိုးရသွားပါတယ်။ ဒါကတော့ မက္ကဆီကို နောက်ခံလူက ဘောလုံးထိန်းတာ ခြေနဲ့ထိမိပြီး လိမ့်ထွက်အလာ ဟီဂွေယင်က ဖြတ်လုပြီးဆွဲပြေးကန်သွင်းသွားတာပါ။ မက္ကဆီကို ကံခေတာ ၂ လုံးရှိပါပြီ။

၅၂ မိနစ်မှာ တဲဗက် ကန်သွင်းတဲ့ ဘောလုံးကတော့ ကံနဲ့ မဆိုင်ပဲ၊ တဲဗက်ရဲ့ ဘောလုံးစွမ်းရည်သက်သက် ဖြစ်ပါတယ်။ ဂိုးဧရိယာ အစပ်ကလေးကနေ နောက်ခံလူတွေကို လှဲ့ရင်းပတ်ရင်း ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ထဲကို အပြင်းကန်သွင်းလိုက်တာပါ။ အင်မတန်လှတဲ့ ဂိုးပါ။

၃ ဂိုးပြတ်ရှုံးနေပေမယ့် မက္ကဆီကို လုံးဝမလျှော့ပါဘူး၊ မက္ကဆီကိုအတွက် ဖြေသိမ့်စရာ ဂိုးကိုတော့ ၇၁ မိနစ်မှာ ဟာဗီးယား ဖာနန်ဒက်က အာဂျင်တီးနားနောက်ခံလူတွေကို လိမ်ပြီး ကန်သွင်းသွားတာပါ၊ ဖာနန်ဒက် ချီလီနဲ့ ပွဲမှာလဲ ဂိုးသွင်းခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စပြီးကစားတော့မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ နိုင်တဲ့ အာဂျင်တီးနားဟာ လာမယ့် ဇူလိုင်လ ၃ ရက် စနေနေ့မှာ ဂျာမနီနဲ့ ကွာတားဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။