ရှီရဘာသာရေး ခေါင်းဆောင်ကြီး ကွယ်လွန်

Hussein Fadlallah
Image caption သူကွယ်လွန်ချိန်မှာ အသက် ၇၄နှစ် ရှိပါပြီ

ရှီရမူဆလင်တွေရဲ့ သြဇာအရှိန်အဝါ အကြီးဆုံး ဘာသာရေးခေါင်းဆောင် တဦးဖြစ်သူ Grand Ayatollah Mohammed Hussein Fadlallah ဟာ ဘေရွတ်မြို့ဆေးရုံးမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူဟာ ခန္တာကိုယ်တွင်း သွေးယိုစီးမှုရောဂါ ခံစားနေခဲ့ရတာဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာတော့ အသက် (၇၄) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုကို တည်ထောင်ရာမှာ သူဟာ အခရာကျတဲ့သူဖြစ်ပြီး၊ အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးနဲ့ အစ္စရေးအပေါ် ဟဇ်ဘိုလာတို့ရဲ့လက်နက်ကိုင် တိုက်ခိုက်မှုကို သူက ထောက်ခံခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ဘာသားရေးဆိုင်ရာ လမ်းညွှန်ပြသမှုကြောင့် လက်ဘနွန်၊ အီရတ်နဲ့ အဲဒီဒေသ တလျောက်မှာ ထောက်ခံမှုတွေ အကြီးအကျယ်ရခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ လူမှုရေးရာမှာ အလယ်အလတ် လမ်းစဉ်ရှိသူဖြစ်ပါတယ်။ အထူးသဖြင့် အစ္စလာမ် လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီး အခန်းကဏ္ဍနဲ့ပက်သတ်ပြီး တိုးတက်တဲ့ အမြင်ရှိသူဖြစ်ပါတယ်။

အမေရိကန်ကတော့ သူကို အကြမ်းဖက်ဝါဒ ထောက်ခံသူတဦးလို့ ရှုမြင်ပါတယ်။

၁၉၈၅ ခုနှစ်က Ayatollah ကို လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ပြီး၊ ဘေရွတ်မြို့ ကားဗုံးခွဲမှုမှာ လူပေါင်း (၈၀) သေဆုံးသွားပေမယ့် သူကတော့ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။