ဂျာမနီ တတိယ နေရာယူ

Uruguay keeper
Image caption မိုးတွေကြားမှာ ဥရုဂွေး ဂိုးသမားလဲ အမှားတွေရှိ

နှစ်သင်းစလုံး အကြိတ်အနယ် ရေကုန်ရေခမ်း ကစားသွားကြပေမယ့် သိတ်စိတ်လှုပ်ရှားစရာ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲတော့ မဖြစ်ခဲ့ပါဘူး။

အထူးသဖြင့် ပထမပိုင်းမှာဆို အပေးအယူတွေကလည်း လွဲနေကြတာ တွေ့ရပါတယ်။

ဂျာမနီမှာ ကပ္ပတိန် နောက်ခံလူ လဲမ်း၊ တိုက်စစ်မှုး ကလိုစာ နဲ့ ပိုလ်ဒေါ့စကီးတို့ မပါပေမယ့် ဥရုဂွေးဖက်မှာတော့ နယ်သာလန်နဲ့ ပွဲတုန်းက ပွဲပယ်ပစ်ဒဏ်ကြောင့် မကစားနိုင်တဲ့ ဆွာရက်စ် ပြန်ပါလာတာ တအားဖြစ်ခဲ့ပါတယ်။

ဆွာရက်စ်ရဲ့ အလိမ်အခေါက် အထိုးအဖောက်တွေကို ဂျာမန်နောက်တန်း တော်တော်လေး လိုက်ဖျက်ခဲ့ရပါတယ်။

ဒီပွဲ ကစားနေတဲ့ အချိန်မှာ မိုးကလည်း သဲသဲမဲမဲ ရွာနေလို့ နာမည်ကျော် ဂျာဘူလာနီ ဘောလုံးကို ကစားသမားတွေ ထိန်းကစားနေရပုံပါပဲ။ ဒီကြားထဲမှာမှ ဥရုဂွေး ဘောလုံးသမားတွေရဲ့ အနီးကပ် အပေးအယူကလေးတွေကတော့ လှလှပပရှိပါတယ်။

အပြန်အလှန် ကစားနေကြတုန်း ၁၈ မိနစ်မှာ ဂျာမန် ဗွေဆော်ဦးဂိုး ရသွားပါတယ်။ ကွင်းတဝက်လောက်ကနေ ဒီကနေ့ ဂျာမန်အသင်းရဲ့ ကပ္ပတိန်လုပ်တဲ့ ရွှိုင်းစတိုင်ဂါ ခပ်ပြင်းပြင်း ကန်သွင်းတဲ့ ဘောလုံးကို ဥရုဂွေးဂိုးသမား ဖမ်းမမိပဲ ပြန်အံကျ တုန်းမှာ မူလာက ပြေးဝင်ပိတ်လိုက်တာပါ။ ဒီဂိုးသွင်းလို့ မူလာ ပွဲစဉ်တလျှောက် သွင်းဂိုး ၅ ဂိုးနဲ့ အများဆုံးဂိုးသွင်းသူတွေထဲက တစ်ယောက် ရွှေဖိနပ်ဆုရှင်လောင်း ဖြစ်သွားပါပြီ။

ဂျာမန်တွေ ဂိုးသွင်းပြီးပြီးချင်းဆိုသလိုပဲ ဥရုဂွေးက အတင်းပြန်ဖိပါတယ်။ ဒီလိုနဲ့ ၁၀ မိနစ်ပဲ ကြာလိုက်ပါတယ်။ ၂၈ မိနစ်မှာ ချေပဂိုးရသွားပါတယ်။ ဒီ ဂိုးကတော့ ဥရုဂွေးရဲ့ ဇွဲနဲ့ မဖြစ်မနေ လိုက်ကစားတဲ့ စိတ်ဓာတ်ရဲ့ ရလာဒ်ပါပဲ။ ကွင်းလယ်မှာ ပီရက်ဇ်က ရွှိုင်းစတိုင်ဂါ ဆီကဘောလုံးကို အတင်းလုယူပြီး လဲနေတဲ့ကြားက ရှေ့က ဆွာရက်စ်ကို ကန်ပို့ပေးလိုက်တာကို ဆွာရက်စ်က ဘယ်ဖက်က တက်လာတဲ့ ကာဘာနီကို အနေတော်လေးချပေးပါတယ်။ ကာဘာနီက ဂျာမန်ဂိုးသမားရဲ့ ညာဖက်ထောင့်ကို အပြေးကန်သွင်းလိုက်တာပါ။

ဒုတိယပိုင်းမှာတော့ နှစ်ဖက်စလုံးက ဖွင့်ပြီးတိုက်စစ်ဆင်ကစားတဲ့ အတွက် ပွဲက ပိုမြန်လာပါတယ်။ ၅၁ မိနစ်မှာ ဥရုဂွေး သွင်းလိုက်တဲ့ ဒုတိယဂိုးကတော့ ဒီယေဂိုဖော်လန်ရဲ့ မာစတာပိစ်ဂိုးပါပဲ။ ညာဖက်ကနေ ရီးယို့စ်က ဂျာမန်နောက်ခံလူတွေကို ကျော်ပြီး အမြောက်ချပေးတာကို ဂိုးဧရိယာအစပ်ကနေ ဖော်လန်က မြေတစ်ချက်ထောက် ကန်သွင်းတာပါ။ ဂိုးသမားရဲ့ ညာဖက်ကိုပဲ ကပ်ပြီးဝင်သွားပါတယ်။ ဒါကလည်း ဖော်လန် အတွက် ၅ ဂိုးမြောက် ဂိုးဆိုတော့ ဒီကနေ့ပွဲမှာ ၂ သင်းစလုံးအတွက် ရွှေဖိနပ်ဆုရှင်လောင်းတွေ ပေါ်လာတာပါ။

မမျှော်လင့်ပဲ ဂိုးပေးလိုက်ရတော့ ဂျာမန်တွေ ချေပဂိုးရဖို့ အသဲအသန် ရှေ့တက်ကစားပါတယ်။ ၅ မိနစ်ပဲ ကြာလိုက်ပါတယ်။ ညာဖက်တောင်ပံက ဘုတ်တန်း ဂိုးရှေ့အမြောက်ကန်ပေးတဲ့ ဘောလုံးကို ဥရုဂွေး ဂိုးသမားထွက်ပြီး ပုတ်ထုတ်တာ မထိတထိ ဖြစ်နေတုန်း ဂျင်ဆင်က ခေါင်းတိုက်သွင်းလိုက်လို့ ဂျာမနီချေပဂိုးရသွားပါတယ်။

ဒီကနေ့ပွဲမှာ ဥရုဂွေး ဂိုးသမား အမှားများနေပြီး မသေမသပ် ဖြစ်နေတာတွေလည်း တွေ့ရပါတယ်။

Image caption ဆမ်မီ ကာဒီရာက အနိုင်ဂိုးသွင်း

ဒီလိုနဲ့ အချိန်ပိုကစားရတော့မယ်လို ဖြစ်နေချိန် ၈၂ မိနစ်မှာတော့ ဂျာမနီ အဆုံးအဖြတ် အနိုင်ဂိုးရသွားပါတယ်။ ဂျာမန်ရတဲ့ ကော်နာဘောကို အူးဇဲလ်က ဘယ်ထောင့်က ကန်တင်ပေးတာ ဂိုးပေါက်ဝကို ကျလာပြီး ဖျက်သူ ကန်သူနဲ့ ရှုတ်ရှက်ခတ်နေပြီး ထောင်တက်လာတဲ့ ဘောလုံးကို ဆမ်မီ ကာဒီရာက ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ထဲ ခေါင်းတိုက်သွင်းလိုက်တာပါ။

ဥရုဂွေးအတွက်တော့ ကြေကွဲစရာပါ။ ဆွာရက်စ်၊ ဖော်လန်၊ ပီရက်စ်၊ ကာဘာနီ တို့ အသဲအသန် လိုက်ကစားပါတယ်။ အချိန်က သိတ်နောက်ကျနေပါပြီ။ ဒီလိုနဲ့ ပုံမှန်အချိန်စေ့သွားလို့ နာကျင်အချိန်ပို (injury time) ကစားချိန်မှာ ဂိုးဧရိယာ အစပ်ကလေးမှာ ဥရုဂွေး ပစ်ဒဏ်ဘောရပါတယ်။

ဒါကို ဖော်လန် ကန်ပါတယ်။ ဖော်လန် ဖရီးကစ်က ဂိုးတွေသွင်းခဲ့ဖူးပါတယ်။ အခုဂိုးကိုလည်း ညာခြေနဲ့ အဝိုက် ခပ်ပြင်းပြင်းကန်တာ ကာထားတဲ့ ဂျာမန်တံတိုင်းကို ဖြတ်ကျော်ပြီး ဂိုးဆီတန်းသွားပါတယ်။ ဂိုးသမား ခုန်ဖမ်းပေမယ့်မထိပဲ လွတ်သွားပါတယ်။ ဒါပေမယ့် ဘောလုံးက ဂိုးဘားတန်းကို ထိပြီး ထွက်သွားချိန်ဟာ ပွဲသိမ်းခရာ မှုတ်လိုက်တဲ့ အချိန် ဖြစ်သွားပါတယ်။

ဂျာမနီ တတိယနေရာရသွားပါပြီ။ ဗိုလ်လုပွဲမှာက ဥရောပ နှစ်သင်း ဖြစ်တဲ့ စပိန်နဲ့ နယ်သာလန် ကစားမှာဆိုတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာတော့ ဥရောပ အသင်းတွေပဲ တစ်၊ နှစ်၊ သုံး ရသွားမယ့် နှစ် ဖြစ်နေပါပြီ။

ဗိုလ်လုပွဲ ပြီးရင် ဂိုးအများဆုံး သွင်းတဲ့ ရွှေဖိနပ်ဆုရှင်လဲ ပေါ်လာမှာဆိုတော့ အခုအထိ ၅ ဂိုးသွင်းထားသူ ၄ ယောက် ရှိပါတယ်။ ဒီနေ့ပွဲက ဖော်လန် နဲ့ မူးလားတို့ကတော့ နောက်ထပ် ကစားစရာပွဲ မရှိတော့လို့ ထပ်မသွင်းနိုင်တော့ပါဘူး။

နယ်သာလန်က ရှနိုက်ဒါနဲ့ စပိန်က ဗီယာတို့ကတော့ ဗိုလ်လုပွဲမှာ ဂိုးသွင်းရင် ရွှေဖိနပ်ဆုရှင် ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုရှိနေပါတယ်။