ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ

Netherlands vs Spain
Image caption နယ်သာလန်နဲ့ စပိန် နှစ်သင်းစလုံး ကမ္ဘာ့ဖလားကို တခါမှ ဗိုလ်မစွဲဘူးပါ

အာဖရိကတိုက်မှာ ပထဦးဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးဟာ ဒီကနေ့မှာဖြစ်ရင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နတ်စ်ဘတ်မြို့ ဆော့ကာစီးတီး အားကစားကွင်းမှာ ကမ္ဘာ့ ဖလားကို တခါမှ ဗိုလ်မစွဲဘူးကြတဲ့ စပိန်နဲ့ နယ်သာလန် အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲကို ဒီည ယဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမတိုင်ခင် ပိတ်ပွဲကို တခမ်းတနား ကျင်းပကြမှာပါ။ နစ်နိုင်ငံက ဘောလုံးဝါသနာအိုး တွေဟာ ဆော့ကာစီးတီး ဘောလုံးကွင်း ကို သွားနေကြပြီဖြစ်ပါတယ်။

အာဏာပိုင်တွေက ဆော့ကာစီးတီး အားကစားကွင်း တဝိုက် လုံခြုံရေးကို အထူးတင်းကျပ် ထားပါတယ်။

နိုင်ငံခေါင်းဆောင်တွေ၊ ကမ္ဘာ့အရပ်ရပ်က နာမည်ကျော် အနုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ ဟာ ဒီပိတ်ပွဲအခမ်းအနားကို တက်ရောက်ကြဖို့ရှိကြပါတယ်။

အသက် ၉၂ နှစ်ရှိပြီးဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း နန်ဆင် မန်ဒဲလားကလည်း ပိတ်ပွဲအခမ်းအနားကို တခဏ လာရောက်ကြည့် ရှုမှာဖြစ်ပါတယ်။

ကမ္ဘာတလွှားက သန်းပေါင်းရာချီတဲ့ ပရိတ်သတ်တွေကလည်း ရုပ်မြင်သံကြားကနေ ဒီအခမ်းအနားကို ကြည့်ရှုကြပါလိမ့်မယ်။

နယ်သာလန်နဲ့ စပိန်နိုင်ငံတို့က ဘောလုံးပရိတ်သတ်တွေဟာလည်း ရင်ခုန် စိတ်လှုပ်ရှား နေကြပါတယ်။ စပိန်ဘောလုံး ပရိတ်သတ် တဦးကတော့ ဒီကနေ့ပွဲကို ကြည့်ဖို့ ဒေါ်လာ ၃၅၀၀ ပေးပြီး ဂျိုဟန်နတ်စ်ဘတ်မြို့ကို ရောက်လာတယ်လို့ ပြောပါတယ်။

နယ်သာလန်မှာလည်း တနိုင်ငံလုံး လိမ္မော်ရောင် အင်္ကျီတွေဝတ် အလံတွေဝှေ့ယမ်းကာ လှုပ်လှုပ်ရှားဖြစ်နေကြတယ်လို့ အဲဒီမှာနေထိုင်နေတဲ့ ဘောလုံးဝါသနာရှင် ကိုခင်မောင်အေးက ပြောပါတယ်။

နယ်သာလန်အသင်းဟာ ဗိုလ်လုပွဲကို တခါမှ မရောက်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ စိတ်အားအရမ်းထက်သန်နေတယ်ကြောင်း၊ နယ်သာလန်အသင်းသာ နိုင်ခဲ့မယ်ဆိုရင် အစိုးရကိုယ်တိုင်က ကြီးမှူးပြီး အောင်ပွဲအခမ်းအနားတွေကျင်းပဖို့ စီစဉ်ထားကြောင်း သူကဆက်ပြောပြပါတယ်။

အရှုံးအနိုင် ဟောကိန်းထုတ်

Image caption ရေဘဝဲကြီးကတော့ စပိန်ပဲတဲ့

ဒီကမ္ဘာ့ဖလားပွဲ စတင်ခဲ့ကတည်းက ပွဲစဉ် တလျှောက် ဘယ်သူနိုင်မယ်ဆိုတာ ဟောကိန်းထုတ်နေတဲ့ ဂျာမဏီက ရေဘဝဲကြီးကတော့ စပိန်နိုင်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒါပေမယ့်လို့ စင်ကာပူက ကြက်တူရွေးလေးကတော့ နယ်သာလန်နိုင်မယ်လို့ ဟောကိန်းထုတ် ပါတယ်။

မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင် စာရေးဆရာမ ဒေါ်ခင်ခင်ထူးကတော့ စပိန် အသင်းနိုင်မယ်လို့ ခန့်မှန်းနေပါတယ်။ စပိန်အသင်းဟာ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းကစားနိုင်ကြောင်းနဲ့ ဂိုးသွင်းကောင်း သူတွေနဲ့ အလယ်တန်း နောက်တန်း ကစားသမားကောင်းတွေ ရှိကြောင်း ဆရာမက သူ့အမြင်ကို ပြောပါတယ်။

နယ်သာလန်အသင်းမှာလည်း နိုင်ငံတကာအဆင့် ကစားသမားတွေ အများကြီးပါဝင်တာ ကြောင့် တဘက်နဲ့တဘက် ဂိုးအပြတ်နိုင်ဖို့ အခြေအနေသိပ်မရှိဘူးလို့ သူကဆက်ပြော ပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း ဘောလုံးဝါသနာအိုးတွေက ဒီဗိုလ်လုပွဲကြီးကို ကြည့်ဖို့ လှုပ်လှုပ် ရှားရှားဖြစ်နေကြပါတယ်။ ဘောလုံးပွဲ လောင်းသူတွေကလည်း ဗိုလ်လုပွဲစဖို့ နီးလာလေလေ ဘယ်သူနိုင်မယ်ဆိုတာ ခန့်မှန်းရခက်လေလေ ဖြစ်နေတယ်လို့ဆိုပါတယ်။

အခုကမ္ဘာ့ဖလားပွဲကို လောင်းလာခဲ့တာ စာရင်းချုပ်လိုက်ရင် အရှုံးပေါ်တဲ့သူက ပိုများနေတဲ့ အကြောင်း မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တဦးကပြောပါတယ်။

အဲဒီလို ဘောလုံးပွဲ ရှုံးခဲ့သူတွေဟာ ၂၀၁၀ ကမ္ဘာ့ဖလား သီချင်းဖြစ်တဲ့ waka waka ဆိုတဲ့ အသံကိုတောင် မကြားချင်တော့လောက်အောင် ဖြစ်နေကြောင်း သူဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တလကြာအောင် လူတွေကို ဖမ်းစားထားခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ပြီးဆုံးသွားရင်တော့၊ ဘောလုံးပရိတ်သတ်ကြီး ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့မှာ ကတော့ ဧကန်ဖြစ်ပါတယ်။