ကမ္ဘာ့ဖလား ချန်ပီယံ စပိန်

Inniesta
Image caption အနိုင်ဂိုးသွင်းပေးတဲ့ အင်နီယက်စတာ

စပိန် ၁ - ၀ နယ်သာလန်

ကမ္ဘာ့ဖလားကို တစ်ခါမှ မရဖူးသေးတဲ့ ဘောလုံးအင်အားကြီး နှစ်နိုင်ငံတွေ့ကြတဲ့ ဗိုလ်လုပွဲပါ။ ဘယ်အသင်းပဲ နိုင်နိုင် ကမ္ဘာ့ဖလား သမိုင်းသစ်ကို ရေးနိုင်ကြမှာလည်းဖြစ်ပါတယ်။

စပိန်ရဲ့ အလယ်တန်းက ဇာဘီ နဲ့ အင်နီယက်စတာတို့ရဲ့ အကွက်ဖော် ပံ့ပိုးပေးမှု နဲ့ ရှေ့တန်းက ဂိုးသွင်းခြေမှန်နေတဲ့ ဒါဗစ်ဗီယာရဲ့ တိုက်စစ်တို့ကို နယ်သာလန်က ခပ်ကြမ်းကြမ်း ခပ်မြန်မြန်ဖျက်ထုတ်ပြီး တန်ပြန် တိုက်စစ်ဆင်တဲ့ နည်းတွေနဲ့ တုန့်ပြန်ကစားသွားပါတယ်။

ပွဲက မလိုအပ်ပဲ အဖျက်တွေကြမ်းနေလို့ အဝါကဒ်တွေ ပလူပျံနေခဲ့ပါတယ်။

ပွဲအစမှာတော့ စပိန်က စီးမိထားပြီး ဆာဂျီရို ရာမော့စ် အနီးကပ်ခေါင်းတိုက်သွင်းခွင့်ရခဲ့တာ ဘားပေါ်ကျော်ထွက်သွားလို့ စောစောစီးစီး ဂိုးမရလိုက်တာပါ။

ဗီယာလည်း ဘယ်ဖက်ဂိုးပေါက်နားက ကန်သွင်းခွင့်ရတာ ဘေးထွက်သွားလို့ စပိန်တစ်ဂိုး နစ်နာသွားခဲ့ရပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း နယ်သာလန်က အာရင်ရော်ဘင် ညာတောင်ပံက ထိုးဖောက်တာကို စပိန် နောက်တန်းလူတွေ မနဲထိန်းပြီးဖျက်ထုတ်နေရပါတယ်။

ရော်ဘင် အဝေးက ကန်သွင်းတဲ့ ဘောလုံးလဲ တိုင်ထောင့်ကို အပြင်းဝင်လာလို့ စပိန်ဂိုးသမား ကာဆီးယပ်စ ဒိုင်ဗင်ထိုးဖမ်းလိုက်ရပါသေးတယ်။

Image caption ရော်ဘင် အပိုင်ကန်တဲ့ ဂိုးလဲ မဝင်

ဒုတိယပိုင်းမှာတော့ နောက်တန်းက ကန်ပေးတဲ့ဘောလုံးကို စပိန်နောက်ခံလူတွေ လူကျွံဘောဖမ်းတဲ့ကြားက ရော်ဘင်ဆွဲပြေးယူလာပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီးကန်သွင်းပါတယ်။ သေချာပေါက်ဝင်ပြီလို့ ထင်ထားတဲ့ ဘောလုံးကို စပိန်ဂိုးသမား ကာဆီးယပ်စ် ခြေနဲ့တားလိုက်နိုင်လို့ စပိန် ဂိုးမပေးလိုက်ရတာပါ။

မကြာခင်မှာလည်း ရော်ဘင်ပဲ ဆွဲပြေးလာတာ ဂိုးသမားရှေ့ရောက်ကာနီးလေးမှာ စပိန်နောက်တန်းက ပူးယိုလ်ဖိတွန်းထားလိုက်လို့ ဟန်ချက်ပျက်ပြီး အရှိန်လျော့သွားတုန်း ဂိုးသမားက ပြေးထွက်လာပြီး ဖမ်းလိုက်နိုင်ပြန်ပါတယ်။

မိနစ် ၉၀ ပြည့်ကာနီးလို့ အချိန်ပိုကစားရဖို့ သေချာသလောက်ဖြစ်နေချိန်မှာ စပိန်က အလွန်ဆိုနေရာမှာ ဖက်ဘရီဂတ်စ်ကို ထည့်ကစားပါတယ်။ ဖက်ဘရီဂတ်စ်၊ ဇာဗီ နဲ့ အင်နီယက်စတာ ပေါင်းထားတဲ့ အလယ်တန်းဟာ ကမ္ဘာမှာ အကောင်းဆုံး ကွင်းလယ်ကစားကွက်ကို ဖန်တီးနိုင်သူတွေလို့ အသိအမှတ်ပြုထားရသူတွေပါ။

ပွဲပြီးကာနီးလေးမှာပဲ ဗီယာအနီးကပ် အပိုင်ကန်သွင်းတဲ့ ဘောလုံးကို စနိုက်ဒါ ပိတ်ပြီးဖျက်လိုက်လို့ သက်သာသွားရပြန်ပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာ နယ်သာလန် နောက်ခံလူ ဟိုက်တင်းဂါး နှစ်ဝါထိလို့ ထုတ်ခံရပါတယ်။ ဒီကတည်းက တစ်ယောက်အသာနဲ့ ကစားနေရတဲ့ စပိန်က ဂိုးသွင်းဖို့ အခွင့်အလမ်း ပိုရနေပါပြီ။ ပွဲပြီးဖို့ လေးမိနစ်ပဲ အလိုမှာ နယ်သာလန်ဂိုး ဧရိယာအစပ်မှာ အပေးအယူလုပ်လာတဲ့ ဖက်ဘရီဂတ်စ်က ညာဖက်နားမှာ ရှိနေတဲ့ အင်နီယက်စတာကို နယ်သာလန်နောက်ခံလူတွေကြားက ချပေးပါတယ်။ အင်နီယက်စတာ ဘောလုံးကို ညာခြေနဲ့တစ်ချက်တားပြီး ဘယ်ခြေနဲ့ ဂိုးသမားရဲ့ ညာဖက်ကို ကန်သွင်းလိုက်ပါတယ်။ စပိန် ဂိုးရသွားပါပြီ။

ကမ္ဘာ့အကောင်းဆုံး အလယ်တန်းကစားသမား တစ်ယောက်လို့ ဆိုကြတဲ့ အင်နီယက်စတာဟာ ပွဲစဉ်တွေ တစ်လျှောက် တည်တည်ငြိမ်ငြိမ်နဲ့ ခြေပေါ်အောင် ကစားသွားနိုင်ခဲ့တဲ့ လူတစ်ယောက်ပါ။

ဒီနေ့ပွဲမှာတော့ သူသွင်းပေးတဲ့ ဂိုးက စပိန်ကို ပထမဆုံး ကမ္ဘာ့ဖလားယူပေးလိုက်တဲ့ ဂိုး အဖြစ် မော်ကွန်းတင်သွားပြီဖြစ်ပါတယ်။

နယ်သာလန်ကတော့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို သုံးကြိမ်တက်လာခဲ့ပြီး သုံးကြိမ်စလုံး ဒုတိယနဲ့ ကြေနပ်လိုက်ရတဲ့ အသင်းဖြစ်နေဆဲပါ။

၂၀၁၀ ကမ္ဘာ့ဖလားက အကောင်းဆုံး ဘောလုံးသမားဆုတွေ

ဒီနှစ်ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံးသွင်းသူကို ပေးတဲ့ ရွှေဖိနပ်ဆု ကိုတော့ ဂျာမန်အသင်းက မူလာက ရသွားပါတယ်။

Image caption ရွှေဖိနပ်ဆုရှင် မူလာ

မူလာဟာ စပိန်က ဗီယာ၊ ဥရုဂွေးက ဖော်လန်၊ နယ်သာလန်က စနိုက်ဒါတို့လိုပဲ ၅ ဂိုး သွင်းထားပေမယ့် သူက အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ၃ ကြိမ် ဖန်တီးပေးခဲ့လို့ သူ့ကို ရွှေဖိနပ်ဆုပေးခဲ့တာပါ။

အသက် ၂၀ ပဲရှိသေးတဲ့ မူလာဟာ ကမ္ဘာ့ဖလားက အကောင်းဆုံး လူငယ်ဘောလုံးသမားဆုကိုလည်း ရသွားပါတယ်။

အားကစားကလောင်ရှင်တွေက မဲပေးပြီးရွေးခဲ့တဲ့ အကောင်းဆုံးဘောလုံးသမား ရွှေဘောလုံးဆု ကိုတော့ ဥရုဂွေးက ဒီယေဂိုဖော်လန်က ရသွားပါတယ်။

အကောင်းဆုံး ဂိုးသမား ရွှေလက်အိပ်ဆုကိုတော့ ပွဲစဉ်တစ်လျှောက် ၂ ဂိုးပဲ သွင်းခံရတဲ့ စပိန်ဂိုးသမား အီကာ ကာဆီးယပ်စ် က ရရှိသွားပါတယ်။