ကမ္ဘာဖလား စပိန် ဗိုလ်စွဲ သွားပြီ

Image caption ကမ္ဘာဖလား ဆွတ်ခူးသွားတဲ့ စပိန်အသင်းရဲ့ အောင်ပွဲခံ ပျော်ရွှင်မှု

တောင်အာဖရိက နိုင်ငံ Soweto ဆွေတိုမြို့က Soccer City ကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာဖလား ဘောလုံး ဗိုလ်လုပွဲမှာ စပိန်အသင်းက နယ်သာလန် အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အဲဒီဂိုးကို အချိန်ပို ကစားရာမှာ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

စပိန် ကစားသမား Andres Iniesta က ကန်သွင်းခဲ့တဲ့ ဒီဂိုးကြောင့် ကမ္ဘာဖလားကို စပိန်က ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါပြီ။

ကမ္ဘာဖလား ဘောလုံးပွဲတွေမှာ နယ်သာလန် အသင်းဟာ အခုလိုဘဲ နောက်ဆုံးအဆင့်ကို တက်တာ သုံးကြိမ် ရှိခဲ့ပေမယ့် တခါမှာ ဗိုလ်မစွဲဘူးသေးပါဘူး။

အကြိတ်အနယ်ကစားကြတဲ့ ဒီပွဲမှာ နှစ်ဘက်စလုံးဟာ ဒိုင်သူကြီးရဲ့ အဝါကတ် ပြတာတွေခံရပြီး နယ်သာလန်အသင်းက ကစားသမား John Heitinger အထုတ် ခံခဲ့ရပါတယ်။

ဗိုလ်လုပွဲမတိုင်ခင် ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးကစားပွဲ ပိတ်ပွဲ အခမ်းအနားကို တောင်အာဖရိက သမ္မတဟောင်း ၊ အသားအရောင် တိုက်ဖျက်ရေး ငြိမ်းချမ်းရေး နိုဗယ်လ် ဆုရှင် နယ်ဆင် မန်ဒဲလား တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။