ယူဂန်ဒါ ဗုံးကွဲမှု လူခုနှစ်ဆယ်ကျော် သေဆုံး

Hospital, Kampala
Image caption ဒဏ်ရာရသူတွေလည်း အတော်များပါတယ်

ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာမှာ မနေ့က လူတွေ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကြည့်နေစဉ် အတွင်း ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားပြီး လူပေါင်း (၇၀) ကျော် သေဆုံး သွားခဲ့ရတာကို သူတို့အနေနဲ့ ဝမ်းသာ ကြောင်း ဆိုမာလီးယားနိုင်ငံက အစ္စလာမ် အဖွဲ့တဖွဲ့ဖြစ်တဲ့ အဲလ်ရှာဘတ် အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လို့ ဒီဗုံးခွဲမှုတွေကို သူတို့လုပ်ဆောင် ခဲ့တာ ဟုတ်မဟုတ်ဆိုတာ ပြောဆိုဖို့ကိုတော့ အဲဒီအဖွဲ့က ငြင်းဆိုပါတယ်။

ယူဂန်ဒါနိုင်ငံဟာ အာဖရိသမဂ္ဂ ငြိမ်းချမ်းရေးတပ်ထဲကို တပ်ဖွဲ့တွေ ပို့ထားတာကြောင့် ယူဂန်ဒါကို တိုက်ခိုက်မှုတွေလုပ်ဖို့ အဲလ်ရှာဘတ် အဖွဲ့က တောင်းဆိုထားတာ ဖြစ်ပါတယ်။

သူတို့ဟာ မကြာခဏဆိုသလို အရပ်သားတွေရှိတဲ့ နေရာတွေကိုလည်း အမြောက်နဲ့ ပစ်လေ့ ရှိပါတယ်။

ပေါက်ကွဲမှုတနေရာမှာတော့ ဆိုမားလီးယားလူမျိုး ခေါင်းပြတ်တလုံးကို တွေ့ရတဲ့အတွက် ဒါဟာ အသေခံ ဗုံးခွဲမှုဖြစ်နိုင်တယ်လို့ ယူဂန်ဒါ စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

ယူဂန်ဒါ သမ္မတ ယိုဝါရီ မူဆာဗနီဟာ ပေါက်ကွဲမှုဖြစ်ပွားတဲ့ တနေရာကို သွားရောက် ကြည့်ရှုခဲ့ပြီး အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာတုန့်ပြန်မှုများ

သမ္မတအိုဘားမားကလည်း အခုဗုံးခွဲတိုက်ခိုက်မှုဟာ သူရဲဘောကြောင်ပြီး အရမ်းဆိုးဝါးတဲ့ လုပ်ရပ်လို့ ပြောဆိုလိုက်ပါတယ်။

ယူဂန်ဒါအစိုးရအတွက် အမေရိကန်ဟာ လိုအပ်တဲ့ အကူအညီပေးသွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရကဆိုပါတယ်။

ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့က အမေရိကန်တဦးလည်း ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားပါတယ်။

ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးကတော့ အခုဖြစ်ရပ်ကို ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် လုပ်ရပ်လို့ခေါ်ဆိုလိုက်ပြီး ရှုတ်ချလိုက်ပါတယ်။

အာဖရိကသမဂ္ဂကလည်း ဗုံခွဲမှုကို ရှုတ်ချလိုက်ပြီး ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဖရိက သမဂ္ဂ ထိပ်သီးအစည်းအဝေးကို စီစဉ်ထားတဲ့ အတိုင်းကျင်းပသွားမှာ ဖြစ်တယ်လို့ ယူဂန်ဒါ အစိုးရက ပြောပါတယ်။