ဘုန်းကြီးကျောင်းမှာ စာသင်တဲ့ ကလေးတွေ စစ်သားအဖြစ် စုဆောင်းခံနေရ

Image caption အရွယ်မရောက်ခင် စစ်သားအဖြစ် စုဆောင်းခံရတဲ့ ကလေးတွေ

မြန်မာ အစိုးရက ကလေးစစ်သား တွေကို ဆက်ပြီး စုဆောင်းနေဆဲ ဖြစ်သလို ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ၉တန်း ၁ဝတန်း ကျောင်းသား တွေကိုပါ စစ်သားအဖြစ် စုဆောင်းနေတယ်လို့ သိရပါတယ်။

တပ်ကနေ ထွက်ပြေးတော့လည်း မိဘတွေကို ခြိမ်းခြောက် နေတာကြောင့် ကလေးတွေမှာ တပ်ပြေးအဖြစ်နဲ့ ပုန်းရှောင်နေရပါတယ်။

တိုက်ကြီးက ဘုန်းကြီးကျောင်းမှာ အပ်ထားတဲ့ ဒဂုံမြို့သစ် မြို့နယ် ၅၅ ရပ်ကွက်က ဒေါ်ကြည်ကြည်ဝင်းရဲ့ သား ၁၅နှစ်အရွယ် မောင်သန်းဇော်ထက်အောင် ကို မိခင် ဖြစ်သူက ဘုန်းကြီးကျောင်းမှာ သွားပြန်မေးကြည့်တော့ တပ်ထဲ ပါသွားပြီလို့ ဘုန်းကြီးက ပြောကြောင်း သိရပါတယ်။

ရွှေပြည်သာ စက်မှု အင်ဂျင်နီယာ တပ်က လာရောက် ခေါ်ဆောင်တာ ဖြစ်ပြီး သပိတ်ကျင်း အခြေခံ စစ်သင်တန်းကျောင်းကို ပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ကြီး ဘုန်းကြီးကျောင်းကို ဆန် ၊ ကုလားပဲနဲ့ ဆီ လှူ သွားပြီး ကလေးတွေကို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

အခု မောင်သန်းဇော်ထက်အောင် ဟာ တပ်ကနေ ခွင့်နဲ့ ပြန်လာပြီး တပ်ထဲ ပြန်မသွားတာကြောင့် မိသားစုကို စစ်တပ်က ခြိမ်းခြောက်နေပြီး အိမ်မှာ အမြဲရှာဖွေ နေတာကြောင့် တခြားမှာ ပုန်းရှောင် နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို ရန်ကုန် အခြေစိုက် အိုင်အယ်အိုကို တိုင်ကြား ထားပြီးပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပဲခူးမြို့နယ်မှာ နေတဲ့ ဇော်မောင်မောင် ၁ရနှစ်ကို ရေးမြို့နယ် ခလရ ၅ဂ၃ တပ်က တပ်သား မင်းသက်ထွန်းက ခေါ်သွားခဲ့ပြီး အခုတထိ စုံစမ်းလို့ မရသေးကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။