မျက်နှာဖုံး ပုဝါခြုံမှု ပိတ်ဖို့ ပြင်သစ်စ

French Muslim women
Image caption ပြင်သစ်က ပုဝါခြုံ မွတ်စလင် အမျိုးသမီးများ

မွတ်စလင် အမျိုးသမီးတွေ မျက်နှာအပြည့် ပုဝါခြုံမှုကို တားဆီးပိတ်ပင်မဲ့ ဥပဒေကြမ်း ပြင်သစ် အောက်လွှတ်တော်မှာ အနိုင် ရသွားပါတယ်။

ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ မဲခွဲရာမှာ အမတ် ၅၅၇ ယောက်ရှိတဲ့ လွှတ်တော်မှာ ထောက်ခံမဲ ၃၃၅ မဲရှိခဲ့ပြီး ကန့်ကွက်မဲကတော့ ဆိုရှယ်လစ် ပါတီက အမတ်တယောက်ရဲ့ မဲတမဲသာ ရှိတာကြည့်ရင် ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ထောက်ခံမှု အပြတ်အသတ် ရှိတာ ထင်ရှားပါတယ်။

ပြင်သစ် ပြည်သူလူထုကြားမှာလည်း ဒီမျက်နှာပြည့် ပုဝါခြုံမှုကို ပိတ်ပင်ဖို့ ထောက်ခံမှု ကောင်းကောင်း ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီအဆိုကြမ်းကို အာဏာရပါတီက တင်တာဖြစ်ပြီး သမ္မတ ဆာကိုဇီကိုယ်တိုင်က ပြင်သစ်လူမျိုးတွေရဲ့ identity အမျိုးသားရေး လက္ခဏာကို အကြောင်းပြပြီး ဒီဥပဒေကြမ်းကို အပြတ်ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း ဝေဖန်သူတွေကတော့ အစိုးရက လက်က်ျာစွန်းရောက်တွေဆီက မဲလိုချင်လို့ တမင် စတန့်ထွင်တာလို့ စွပ်စွဲကြပါတယ်။

တဘက်မှာ ဒီဥပဒေကြမ်းဟာ ပြင်သစ်က တခြားမွတ်စလင်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဖူးဆိုတဲ့ အချက်ကို ဒီဥပဒေကြမ်းကို ထောက်ခံသူတွေက အလေး အနက်ထား ပြောနေပါတယ်။

ဒါဟာ ဘာသာရေးကို အကြောင်းပြုပြီး အစွန်းရောက် အယူအဆတွေကို လက်ခံသူတွေရဲ့နိုင်ငံရေးကို လက်မခံဘူးဆိုတာကို ပြတာဖြစ်ပြီး မွတ်စလင် အမျိုးသမီးတွေရဲ့ ပုဝါခြုံမှုကို တိုက်ခိုက်တာ မဟုတ်ဖူးလို့ အာဏာရပါတီက အမတ်တယောက်က ပြောပါတယ်။

ခုဥပဒေကြမ်းဟာ အောက်လွှတ်တော်ကို ကျော်လာပြီဆိုတော့ မကြာခင် အထက်လွှတ်တော်မှာ တခါ မဲခွဲ၊ ပြီးရင် ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ ညီမညီ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီတော့ ဥပဒေအဖြစ် အတည်ဖြစ်လာဖို့ အဆင့်တချို့တော့ ကျန်ပါသေးတယ်။

ဥပဒေ အဖြစ် အတည်ဖြစ်လာရင် မွတ်စလင် အမျိုးသမီးတွေ လူမြင်ကွင်းမှာ Burkur လို့သိကြတဲ့ မျက်နှာပြည့် ပုဝါခြုံတာ တွေ့ရင် ယူရို ၁၅၀ ဒဏ်ရိုက်မှာ ဖြစ်ပြီး ဇနီးမယားကို ဒီပုဝါ အတင်းအကြပ် ခြုံခိုင်းတဲ့ ယောက်ျားတွေကိုတော့ ဒဏ်ငွေ ယူရို သုံးသောင်းနဲ့ ထောင်ဒဏ် တနှစ် သတ်မှတ်ထားပါတယ်။

တကယ်တော့ ပြင်သစ်မှာ မျက်နှာပြည့် ပုဝါခြုံတဲ့ မွတ်စလင် အမျိုးသမီးက နှစ်ထောင်လောက်ပဲ ရှိပေမယ့် ဒီဥပဒေကြမ်းကို မွတ်စလင် အမျိုးသမီး ငါးသန်းထဲက အတော်များများက ဆန့်ကျင်ကြပါတယ်။

မွတ်စလင် စီးပွားရေး လုပ်ငန်းရှင် တယောက်ကတော့ အရွဲ့တိုက်တဲ့ အနေနဲ့ မျက်နှာပြည့် ပုဝါခြုံတဲ့ အမျိုးသမီးတွေ ဒဏ်တပ်ခံရရင် သူတို့ကိုယ်စား ဒဏ်ငွေ ဆောင်ပေးဖို့ ယူရိုတသန်းလောက်နဲ့ စမဲ့ ရံပုံငွေ အဖွဲ့တခု ထောင်မယ်လို့ ဆိုပါတယ်။

ပြင်သစ် နိုင်ငံသားတွေထဲမှာ အခြေခံ လွတ်လပ်ခွင့်ကို ကာကွယ်ရမယ်လို့ သဘောထားသူတွေ အများကြီးရှိတယ်၊ ကျွန်တော်ကိုယ်တိုင်က မျက်နှာပြည့် ပုဝါခြုံတာကို ကန့်ကွက်ပေမဲ့ တခြားလူတွေ ကြိုက်လို့ ခြုံတာကိုတော့ တားခွင့် မရှိဘူးလို့ ယူဆကြောင်း ပြောပါတယ်။

တကယ်တော့ ပြင်သစ်တင်မက ဥရောပက နိုင်ငံ အများအပြားမှာ မွတ်စလင်တွေ အတော်များများ နေထိုင်တာကြောင့် ပြင်သစ်က ခုမျက်နှာပြည့် ပုဝါခြုံမှု ပိတ်ပင်မှု ဥပဒေကြမ်းကို တခြား ဥရောပ နိုင်ငံတွေကလည်း ပြင်သစ်က ဖြစ်ပေါ် တိုးတက်မှုတွေကို သေချာ စောင့်ကြည့်နေပြီး စပိန်နဲ့ ဘယ်ဂျီယံတို့မှာလည်း အလားတူ ဥပဒေကြမ်းကို ဆွေးနွေးနေပါတယ်။