ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ဖျက်ပြီ

Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို နာယကအဖြစ်ထားပြီး ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုး

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို နာယက အဖြစ်ထားပြီး ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုး ခေါ် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို ဖျက်သိမ်းပြီး ပါတီ တခုတည်း အနေနဲ့သာ သီးခြား ရပ်တည်မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် သူရဦးမြင့်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းခွင့်တင်ထားခဲ့တာ ဇူလိုင်လ ၆ ရက်နေ့က ဖျက်သိမ်းခွင့်ကျလို့ သူ့အပိုင်းနဲ့သူ ဖျက်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ သူရဦးမြင့်ဦးက ပြောပါတယ်။

အသင်းပိုင်ပစ္စည်းတွေကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တရားဝင် လွှဲပြောင်းပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အသင်းကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ပါတီဝင်အဖြစ်နဲ့ ဆက်လက် လှုပ်ရှားမယ်လို့ ရည်ရွယ်ချက် ရှိသူတွေကလည်း အထက်က ဘာတွေညွှန်ကြားမလဲ ဆိုတာကို စောင့်ဆိုင်းနေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တဦးကဆိုပါတယ်။

အခုတော့ လူမှုရေး လုပ်ငန်းကနေ နိုင်ငံရေးလုပ်မယ့် ပါတီအဖွဲ့ အစည်းဖြစ်လာပြီမို့၊ သာမန် အသင်းဝင်တွေထဲက ပါတီဝင်ဖြစ်ဖို့ စည်းကမ်းနဲ့ မညီညွတ်တဲ့ ကျောင်းသားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ အသင်းဝင်တချို့က ပြောပါတယ်။

လတ်တလောမှာတော့ မြို့နယ် တခုချင်း အလိုက် အသက် ၁၈ နှစ်က နေ ၄၅ နှစ်ကြား ပါတီဝင် ၂သောင်း စုဆောင်းဖို့ ဗဟိုက ညွှန်ကြားထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေက ပြောပြကြပါတယ်။