ဘောလုံးလောင်းကစားသူ ထောင်ချီဖမ်း

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol က ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား ဘောလုံးပွဲတွေ အတွင်း တရားမဝင် လောင်းကစားမှု တွေပြုလုပ်သူ အာရှ လေးနိုင်ငံက လူပေါင်း ငါးထောင်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

Image caption Interpol ရဲ့ ပူးပေါင်း စစ်ဆင်ရေး အတွင်း လောင်းကစား ဒိုင် တွေကို ဝင်သိမ်းခဲ့

SOGA လို့ နာမည်ပေးထားတဲ့ ဘောလုံးလောင်းကစားမှု တိုက်ဖျက် ရေး အထူးစစ်ဆင်ရေးကို ကမ္ဘာ့ဖလား ပွဲစတဲ့နေ့ ဇွန်လ ၁၁ ရက်နေ့က စတင်ခဲ့ပါတယ်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ကနေ ပူးပေါင်း စစ်ဆင်ရေးလုပ်တာ ဒါဟာ တတိယအကြိမ်ပါ။

ပြင်သစ်မှာ ရုံးစိုက်တဲ့ ဒီအဖွဲ့က အာရှမှာရှိတဲ့ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းတို့မှာ ရှိတဲ့ အရာရှိတွေ ရဲဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

တစ်လကြာ စစ်ဆင်ရေး အတွင်း လောင်းကစားဒိုင် (၈၀၀) နီးပါးကို ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ကမ္ဘာ့ ရဲတပ်ဖွဲ့ Interpol ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကပြောပါတယ်။

အမေရိကန် ဒေါ်လာငွေ သန်းပေါင်း (၁၅၀) ကျော် အပြင် ကားတွေ ကွန်ပြူတာတွေ နဲ့ တခြား ပစ္စည်းတွေကို သိမ်းဆည်း မိခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အခု တရားမဝင် ဘောလုံးလောင်းကစား သူတွေဟာ ငွေကြေးခဝါချမှု၊ ပြည့်တန်ဆာမှု တို့နဲ့လည်း ဆက်စပ်နေတယ်လို့ Interpol ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။