ရေနံ ယိုဖိတ်မှု တားဆီးနိုင်ပြီလို့ BP ပြော

BP
Image caption ဒီစမ်းသပ်မှုဟာ ယာယီသာ ဖြစ်တယ်လို့ BP ပြော

မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံ ယိုဖိတ်နေတဲ့ ရေနံတွင်းဝက အဖုံးကို အောင်မြင်စွာ ပိတ်လိုက်နိုင်ပြီလို့ BP ကုမ္ပဏီက ပြောပါတယ်။

၃လနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မက္ကဆီကို ပင်လယ်ကွေ့ ရေပြင်အောက် တမိုင် အကွာကနေ ရိုက်ကူးနေတဲ့ ကင်မရာတွေအရ ရေနံတွင်းဝကနေ ရေနံတွေ မယိုဖိတ်တော့ဘူး ဆိုတာကို ပြသနေပါတယ်။

ရေနံတွင်းဝ က အခုအခါ ပိတ်သွားပြီဖြစ်ပြီး ရေနံတွင်းထဲက ဖိအားကို စမ်းသပ်နေစဉ်မှာ ရေနံယိုဖိတ်မှု ပိတ်တဲ့ စနစ်သစ်နဲ့ ဆက်ထားတဲ့ ပိုက်လိုင်း ၄ခု ပိတ်နေတယ်လို့ BP က ပြောပါတယ်။

၄၈ နာရီလောက် စမ်းသပ်ပြီးရင်တော့ ရေနံတွေကို ရေမျက်နှာပြင် အထက်မှာ ရှိတဲ့ သင်္ဘော ၄စင်းဆီ စလွှဲ ပေးပြီး ရေနံတွင်းကို လုံးဝ ဆက်ပိတ်ထားမလား၊ ဒါမှမဟုတ် ပြန်ဖွင့်မလား ဆိုတာကို BP က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

တနေ့ကို ရေနံစည်ပေါင်း ၃၅၀၀၀ ကနေ ၆၀၀၀၀ လောက်အထိ ပင်လယ်ကွေ့ထဲ ယိုဖိတ်နေတာကို တားဆီးဖို့ BP ရဲ့ ကြိုးပမ်းမှုတွေမှာ ဒါဟာ အထင်ရှားဆုံး မှတ်ကျောက် တခု ဖြစ်ပါတယ်။

ဒါပေမဲ့ တထစ်ချ ပျော်ပွဲ ဆင်နွှဲရမဲ့ အချိန် မဟုတ်သေးဘူးလို့ BP ကုမ္ပဏီ အမှုဆောင် အကြီးအကဲ Doug Suttles က သတိပေး ပြောကြားခဲ့ပါတယ်။

ရေနံယိုဖိတ်မှုကို အခုလို တားဆီးလိုက်တာကို အပြုသဘော လက္ခဏာ တရပ်အဖြစ် သမ္မတ အိုဘားမား က ဖေါ်ညွှန်း ပြောဆိုသွားပါတယ်။