နှစ်ပေါင်း ၂၀ ကျော် ထောင်ထဲမှာ နေခဲ့ရတဲ့ ဦးဝင်းထိန်

u_win_htein_u_tin_oo
Image caption လွတ်မြောက်လာတဲ့ ဦးဝင်းထိန်

၁၉၈၈ လူထုလှုပ်ရှားမှု ကာလ ကတည်း က မြန်မာ့ ဒီမိုကရေစီရေး အတွက် ဆောင်ရွက် နေသူ NLD ပါတီဝင် ဦးဝင်းထိန် ဟာ အခု တခေါက် ထောင်ထဲမှာ ၁၄ နှစ် ကြာ နေခဲ့ပြီး မနေ့ က ကသာ အကျဉ်းထောင် က ပြန်လည် လွတ်မြောက်ခဲ့ပြီးတဲ့နောက် ဒီနေ့ သောကြာ နေ့မှာတော့ ရန်ကုန် က သူ့ ရဲ့ အိမ် ကို ပြန်ရောက်ရှိခဲ့ပါပြီ။

သူ ဟာ နှလုံး သွေးကြောကျဉ်း ရောဂါ၊ အရိုး ကြီးပေါင်းတက် ရောဂါ၊ အစာအိမ် ရောဂါ တွေ ခံစား နေရသူ တဦးဖြစ်တဲ့ အတွက် အခု အချိန်မှာ ဆေးဝါး ၈ မျိုး လောက်ကို နေ့စဉ် သောက်သုံး နေရသူပါ။

ကသာ ထောင် မှာ ရှိစဉ် ပြီးခဲ့တဲ့ နှစ်ပိုင်း က လွဲလို့ ကျန်ခဲ့တဲ့ နှစ်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်း မရဘူး လို့ ဦးဝင်းထိန်က ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေး အရာရှိ အဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းထိန် ဟာ အကျဉ်းချ ခံရတဲ့ ကာလ မှာ တဦးတည်း သီးသန့်ခွဲ အကျဉ်းချခြင်း ခံခဲ့ရပါတယ်။

NLD ပါတီမှာ ပါဝင် လှုပ်ရှားခဲ့ပြီး နောက်ပိုင်း ၁၉၈၉ ကနေ ၁၉၉၅ အထိ ထောင်ဒဏ်ကျ ခံခဲ့ရသလို ၁၉၉၆ မှာ နောက်တကြိမ် ထောင်ဒဏ် ၁၄ နှစ် ကျခံ ခဲ့ရပါတယ်။

အခု သူဟာ ပြန်လွတ်သင့်တဲ့ နေ့ထက် ၂ လကျော်ကြာ ပြီးနောက်မှ လွတ်မြောက် လာခဲ့ တာပါ။

အခုလို နှစ်ရှည်ကြာလှစွာ ထောင်ဒဏ် ကိုဘာ့ကြောင့် ကြံ့ကြံ့ခံ ဖြတ်သန်းနိုင် ပါသလဲဆိုတဲ့ အမေး ကိုတော့ သူဟာ ဗုဒ္ဓဘာသာဝင် တဦးပီပီ ဒါန၊ သီလ၊ ဘာဝနာ ကို ပွားများပြီး ဖြတ်သန်းခဲ့ ကြောင်း ပြောပြပါတယ်။

မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု တွေနဲ့ ပတ်သက်လို့လည်း ဦးဝင်းထိန် ဟာ အဆက်မပြတ် သတင်းတွေ သိရှိထားခဲ့ပြီး NLD ပါတီ ရဲ့ လာမယ့် ရွေးကာက်ပွဲ ကို မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ကို လည်း သူ ထောက်ခံ ကြောင်း ပြောပါတယ်။