AIDS ရောဂါ တားဆီးနိုင်မဲ့ Gel တမျိုး စမ်းသပ်

AIDS
Image caption ဒီဆေးကြောင့် AIDS ရောဂါကူးစက်မှု တဝက်လောက် လျော့တာကို တွေ့ရ

အမျိုးသမီးတွေ လိင်မဆက်ဆံခင် အမျိုးသမီး အင်္ဂါဇာတ်ဝမှာ မှန်မှန် သုတ်လိမ်း ပေးရတဲ့ Gel ဆေးတမျိုးကို တောင်အာဖရိကနိုင်ငံမှာ စမ်းသပ် ကုသခဲ့ရာမှာ HIV ရောဂါပိုး ကူးစက်မှု တဝက်နီးပါး လျော့ကျသွားတာကို တွေ့ရှိရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီ Gel ဆေးအရည်ဟာ AIDS ဖြစ်စေတဲ့ HIV ရောဂါပိုး မကူးစက်အောင် တားဆီးတဲ့ ARV ဆေး ထည့်သွင်းထားတဲ့ ပထမဆုံးGel ဆေးအရည်ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ့်သဘောနဲ့ကိုယ် အစမ်းသပ် ခံခဲ့သူ အမျိုးသမီး ၉၀၀ နီးပါးလောက်ကို လေ့လာခဲ့မှုတွေ အရ အဲဒီ GEL ဆေးအရည်ကို သုံးတဲ့ အမျိုးသမီးတွေဟာ ရောဂါ ကူးစက် နိုင်မှု အခွင့်အလမ်း ၃၉ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အဲဒီ Gel ဆေးအရည်ကို အမြဲ မှန်မှန် သုံးတဲ့ အမျိုးသမီးတွေကတော့ ရောဂါ ကူးစက်နိုင်မှု အခွင့်အလမ်း ၅၄ ရာခိုင်နှုန်း လျော့ကျ သွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီရလာဒ်ဟာ ထူးခြား အောင်မြင်မှုကြီး တရပ် ဖြစ်တယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နဲ့ ( UNAIDS) AIDS တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ကြင်ယာ အမျိုးသားတွေ Condoms သုံး မသုံး စိတ်ပူနေရတဲ့ အမျိုးသမီးတွေ အတွက် ဒီGel ဆေးအရည်ဟာ အားထားစရာ ဖြစ်တယ်လို့ UNAIDS အကြီးအကဲ က ပြောပါတယ်။

ဒါပေမဲ့ ဒီဆေးရည်ဟာ စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိသေးပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်မလား ဆိုတာကိုတော့ နောက်ထပ် နှစ်ပေါင်း များစွာ ထဲထဲ ဝင်ဝင် စမ်းသပ်ပြီးမှ ဆုံးဖြတ်မယ်လို့ ဒီလေ့လာ စမ်းသပ်မှုကို လုပ်ခဲ့သူ တဦးဖြစ်တဲ့ Salim Abdool Karim က ပြောပါတယ်။

အဲဒီ GEL ဆေးအရည်အကြောင်း လေ့လာ တွေ့ရှိချက်တွေကို သြစတြီးယားနိုင်ငံ ဗီယဲန်နာမြို့မှာ ကျင်းပနေတဲ့ AIDS တိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံမှာ ဒီကနေ့ တင်ပြမှာ ဖြစ်ပါတယ်။