ပါကစ္စတန်ကို အမေရိကန်ကူညီ

US and Pakistan
Image caption နိုင်ငံခြားရေးဝန်ကြီးတွေက နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းလာလို့ ပြော

ပါကစ္စတန်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်အတွင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာမာမွတ် ကိုရေ့ရှီးက နှစ်ဘက်အကျိုးစီးပွားအတွက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဘယ်တုန်းကမှနဲ့ မတူအောင် မြင့်မားကောင်းမွန်လာတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီရေး၊ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးနဲ့ အစွန်းရောက်ဝါဒတိုက်ဖျက်ရေး စတဲ့ နေရာတွေမှာ ဘယ်တုန်းကမှနဲ့ မတူအောင် ဘုံသဘောတူညီချက်တွေ ရှိနေကြတယ်လို့ မစ္စတာ ကိုရေ့ရှီးက ပြောပါတယ်။

မစ္စက် ကလင်တန်ရဲ့ ခရီးစဉ်အတွင်း အမေရိကန်အစိုးရဘက်က ပါကစ္စတန်နိုင်ငံအတွက် ဒေါ်လာသန်းရာနဲ့ချီတဲ့ အကူအညီပေးရေး လုပ်ငန်းစီမံကိန်း အများအပြားကို ထုတ်ဖော် ကြေငြာခဲ့ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေး၊ စွမ်းအင် နဲ့ အလုပ်အကိုင် အခွင့်အလမ်း စီမံကိန်းတွေ ပါဝင်ပါတယ်။

အခုလို အကူအညီပေးတာဟာ ပါကစ္စတန်ပြည်သူတွေကြား အမေရိကန်မုန်းတီးရေးဝါဒတွေ လျော့ပါးအောင်လုပ်ဖို့နဲ့ တာလီဘန်နဲ့ အယ်လ်ခိုက်ယီးဒါးတိုက်ဖျက်ရေးမှာ ပါကစ္စတန်ဘက်က ပိုမိုပူးပေါင်းပါဝင်ရေးအတွက် ရည်ရွယ်တာဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အမေရိကန်ဟာ ငါးနှစ်အတွင်း ပါကစ္စတန်ကို စစ်ဘက်ရေးရာနဲ့မဆိုင်တဲ့ အကူအညီ ဒေါ်လာ သန်း ၇၅၀၀ လောက်ကူညီခဲ့တယ်လို့ မစ္စက် ကလင်တန်က ပြောပါတယ်။

မစ္စက်ကလင်တန်ဟာ မနက်ဖြန်မှာလည်း အာဖကန်နစ္စတန်နိုင်ငံ ကာဘူးမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ညီလာခံတစ်ခုကို တက်ရောက်ဖို့ ရှိပါတယ်။