အာဖဂန် နစ္စတန် အရေး နိုင်ငံတကာ ညီလာခံ ပြီးဆုံး

afghan_conference
Image caption ၄ နှစ်အတွင်း နိုင်ငံသား တွေ က ပဲ ကိုယ့် နိုင်ငံ လုံခြုံရေး တာဝန်ယူ နိုင်အောင် လုပ်သွားမည်

အာဖဂန် နစ္စတန် အရေး နိုင်ငံတကာ ညီလာခံ ပြီးဆုံး သွားပြီး ညီလာခံမှာ အဂတိ လိုက်စားမှု၊ လုံခြုံရေး နဲ့ နိုင်ငံဖွံ့ဖြိုးရေး ခေါင်းစဉ် တွေကို အဓိကထားပြီး ဆွေးနွေး ခဲ့ကြ ပါတယ်။

အာဖဂန်ရဲ့ အဓိက မဟာမိတ် အမေရိကန် နိုင်ငံ နဲ့ အခြားနိုင်ငံ တွေက အာဖဂန် မှာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှု တွေ ကိုင်တွယ် ဖြေရှင်း နိုင်ရေး အတွက် ကောင်းမွန်တဲ့ အုပ်ချုပ်စီမံရေး ကို ပြုလုပ်ဖို့ သမ္မတ ဟာမစ် ကာဇိုင်း ကို တိုက်တွန်း ကြပါတယ်။

ညီလာခံ က အာဖဂန် ကို ပေးနေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ နိုင်ငံတကာ အကူအညီ အနည်းဆုံး ၅၀ ရာခိုင်နှုန်း လောက် ကို အစိုးရ က တဆင့် စီးဆင်းပြီး ကူညီ သွားမယ် လို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။

အရင် က အကူအညီ ၂၀ ရာခိုင်နှုန်း ကို ပဲ အစိုးရ က တဆင့် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ အရေး အပေါ် သမ္မတ ဟာမစ် ကာဇိုင်း က အစိုးရ ကနေ တဆင့် စီးဆင်းမှု ကို တိုးမြှင့် ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

အခုလို ဆုံးဖြတ်ချက် ချ အပြီး ညီလာခံ အပိတ် မိန့်ခွန်း မှာ သမ္မတ ခါဇိုင်း က အာဖဂန် အတွက် နိုင်ငံတကာ က ရည်မှန်းချက် အပြည့်အ၀ နဲ့ ဇွဲသန်သန် လုပ်ဆောင် ပေးနေတာ ကို တွေ့ ရတဲ့ အတွက် ဝမ်းသာကြောင်း၊ အာဖဂန်မှာ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှု၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နဲ့ ပြန်လည် ရင်ကြားစေ့ရေး တွေမှာ နိုင်ငံ တကာ ကြား နားလည်မှု တွေရ ကြတဲ့ အတွက် ဝမ်းသာကြောင်း ပြောသွား ပါတယ်။

အခု ညီလာခံ ကို တက်ရောက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဖဂန် နစ္စတန် အနာဂတ် အတွက် နိုင်ငံတကာ ခေါင်းဆောင် တွေ အကြားမှာ ခိုင်မာတဲ့ အမြင်ကို ချမှတ် နိုင်ခဲ့တယ် လို့ မှတ်ချက် ချခဲ့ ပါတယ်။

၂၀၁၄ ခုနှစ် ရောက်ရင် အာဖဂန် နစ္စတန် ရဲ့ လုံခြုံရေး ကို အာဖဂန် နိုင်ငံသားတွေ ကပဲ တာဝန်ယူ သွားနိုင်အောင် ရည်မှန်း ထားကြောင်း သမ္မတ ကာဇိုင်း က ပြောပါတယ်။