လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အာဆီယံ ပြော

asean
Image caption မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး

မြန်မာနိုင်ငံမှာ အခုနှစ် ကျင်းပမဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို လက်ရှိ အခြေအနေကနေ ပြောင်းလဲသွားနိုင်ဖို့ လမ်းစ တခု ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ဘီဘီစီ မြန်မာဌာနနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာအောင် မြန်မာ အစိုးရကို အာဆီယံ က တိုက်တွန်း နေတယ်လို့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်လာတဲ့ Mr Natalegawa က ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေကြောင့် ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေနဲ့ မြန်မာ့ လူ့အဖွဲ့အစည်း အပေါ် ဘယ်လို အခက်အခဲတွေ ဖြစ်စေလဲ ဆိုတာနဲ့ ပတ်သက်လို့ သူတို့ဖက်က အမြင်တွေကို မြန်မာ အစိုးရကို ပြောခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်းကို အရှေ့တောင် အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို ထုတ်ဖေါ် ပြောခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်ခင် ညစာစားပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို နားနဲ့ မဆံ့အောင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ဝိုင်းပြောခဲ့ကြတယ်လို့ အာဆီယံ အဖွဲ့ အတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောပါတယ်။

ရွေးကာက်ပွဲမှာ အာဆီယံ အဖွဲ့ရဲ့ လေ့လာ စောင့်ကြည့်သူတွေကို လက်ခံရေး စဉ်းစားဖို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို သူတို့ ပြင်းပြင်းထန်ထန် အကြံပြုခဲ့တယ် လို့လည်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က သတင်းထောက်တွေကို ပြောပြပါတယ်။