ကြံ့ခိုင်ရေးပါတီ အတွက် ဝန်ကြီးတွေ ငွေရှာနေ

usdp
Image caption စစ်အစိုးရ က ကြံ့ခိုင်ရေး ပါတီ လိုအပ်တဲ့ ရန်ပုံငွေ ရအောင် စီစဉ်ပေး

ကြံ့ခိုင်ရေး ပါတီ မှာ ခေါင်းဆောင်တွေ အဖြစ် တာဝန်ယူကြတဲ့ ဝန်ကြီးတွေ က ကုမ္ပဏီ တွေ ထောင်ပြီး ပါတီ အတွက် ရန်ပုံငွေ တွေ စုဆောင်း နေကြပြီ လို့ နေပြည်တော် က အရာရှိ တဦး က ပြောပါတယ်။

သစ်လုပ်ငန်း ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင် က သစ်မင်းရာဇာကုမ္ပဏီ ထောင်ပြီး သစ်ထုတ် လုပ်ရေး၊ ပရိဘောဂ ထုတ်လုပ်ရေး စတဲ့ လုပ်ငန်းတွေ ထောင်ထား သလို သတ္တုတွင်း ဝန်ကြီးဌာန က ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့် ဆိုရင်လည်း ကျောက်မျက် ရတနာ တူးဖော် ရေး လုပ်ငန်း၊ ရွှေ တူးဖော်ရေး လုပ်ငန်း စတဲ့ လုပ်ငန်း တွေ လုပ်ဖို့ မြန်မာ့ ဂုဏ်ရည် ကုမ္ပဏီ ထောင်ထား ကြောင်း အဲဒီ အရာရှိ က ဘီဘီစီ ကိုပြောပါတယ်။

မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီး၊ စီမံကိန်းနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး တို့ ၂ဦး ပူးပေါင်းပြီး မြန်ဂုဏ်မြှင့် ရောင်းဝယ်ရေး ကုမ္ပဏီ ထူထောင် ထားကြောင်း လည်း အဆိုပါ အရာရှိ က ပြောပါတယ်။

ဝန်ကြီး ဦးအောင်သောင်း ဆိုရင် လည်း ဘိလပ်မြေ စက်ရုံ၊ အချိုရည် စက်ရုံ စတဲ့ စက်ရုံတွေ တည် ဖို့ လုပ်နေသလို သူနဲ့ အတူ ကြံ့ခိုင်ရေး ပါတီ ကိုသွားတဲ့ ဆက်သွယ် ရေး ဝန်ကြီး ဆိုရင်လည်း ဆက်သွယ်ရေး ဆိုင်ရာ ကုမ္ပဏီ တွေ ထောင်ပြီး နေပါပြီ လို့ သူက ဆိုပါတယ်။

အခုကုမ္ပဏီ တွေမှာ ဒီအစိုးရ ဝန်ကြီးတွေရဲ့ အစုရှယ်ယာ တွေ ပါဝင် နေမယ် ဆိုတာလည်း အများက ယုံကြည် ကြပါတယ်။

ကြံ့ခိုင်ရေး ပါတီ ရန်ပုံငွေ အတွက် ကုမ္ပဏီ တွေ က အမြတ်ငွေတွေနဲ့ ဖြည့်တင်း ကူညီ သွားမှာ ဖြစ်ကြောင်းလည်း အစိုးရ ဝန်ထမ်း အများအပြား က သတ်မှတ် ထား ပါတယ်။

အခုလို ကုမ္ပဏီ တွေ ထောင်ထားတဲ့ ကိစ္စတွေ ကို လူထု ကို အသိပေး ထားခြင်း မရှိ ပါဘူး။

လာမယ့် ရွေးကောက်ပွဲ မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူပွဲ မှာ လိုပဲ ကြံ့ခိုင်ရေးပါတီ ကို မဲပေးအောင် ဝန်ထမ်း တွေကို အတင်းအကြပ် လုပ်ခိုင်းဦး မှာပါ လို့ နေပြည်တော် က အရာရှိ က မှတ်ချက် ပေး ပါတယ်။

နေပြည်တော်က ဝန်ထမ်း တွေအနေနဲ့ ကြံ့ခိုင်ရေးပါတီ ကို ထောက်ခံမဲ မထည့် ရင်လည်း သူတို့ မဲတွေ က ထောက်ခံမဲ ဖြစ်သွား မှာ ပဲ လို့ ထင်မြင်နေ ကြတဲ့ အကြောင်း အဆိုပါ အရာရှိ က ပြောပါတယ်။