အီရတ်ကနေ တပ်တွေ ရုတ်ဖို့ အိုဘားမား အတည်ပြုပြော

obama
Image caption အီရတ်မှာ စစ်ရေး အကူအညီတွေ လျှော့မယ်လို့ အိုဘားမား ပြော

အီရတ်နိုင်ငံကို အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ အပြီး ၇နှစ် အကြာမှာ အမေရိကန် သမ္မတ အိုဘားမားက အီရတ်မှာ ရှိတဲ့ အမေရိကန် တိုက်ခိုက်ရေးတပ်တွေ အားလုံးကို သြဂုတ်လကုန် မတိုင်ခင် ပြန်ရုတ်သိမ်းမယ် လို့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ဒါဟာ သူ သမ္မတ ရာထူး ယူပြီးပြီးချင်း ပေးခဲ့တဲ့ ကတိအတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက် လိုက်တာ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ခုလောလောဆယ် အီရတ်နိုင်ငံမှာ ရှိနေတဲ့အမေရိကန် တပ်ဖွဲ့ဝင် ၅ သောင်းလောက်ကတော့ အီရတ် တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးဖို့နဲ့ အကြမ်းဖက်ဝါဒ နှိမ်နှင်းရေးမှာ ကူညီ ဆောင်ရွက်ဖို့အတွက် လာမဲ့နှစ် ကုန်ပိုင်း အထိ အဲဒီမှာ ဆက်နေမှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက အီရတ်တို့နဲ့ ညှိနှိုင်းခဲ့တဲ့ သဘောတူချက်တခု အရ ဒီတပ်ဖွဲ့ဝင်တွေကို လာမဲ့နှစ် မတိုင်ခင် အပြီး ရုတ်သိမ်း ပေးရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် စစ်ဖက်ဆိုင်ရာက ပြီးခဲ့တဲ့လက တိုက်ခိုက်မှုတွေ အတွင်း လူ ၂၂၂ ဦး သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။

အီရတ် အစိုးရကတော့ အီရတ် လူမျိုး ၅၃၅ ဦး အသက် ဆုံးရှုံးခဲ့တယ်လို့ ပြောနေပြီး ဒီကိန်းဂဏန်းတွေ အရ ၂နှစ်ကျော် ကာလ အတွင်း ဇူလိုင်လဟာ အသေအပျောက် အများဆုံး လလို့ ဆိုရမှာ ဖြစ်ပါတယ်။

အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ရုတ်သိမ်းသွားတဲ့အတွက် လက်နက်ကိုင် သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေ ပို ကြီးထွားလာမှာကို အီရတ် လူမျိုးတချို့က စိုးရိမ်နေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါ ရွေးကောက်ပွဲ အပြီး ၅လ ကြာပြီးတာတောင် အီရတ် အစိုးရ အဖွဲ့ မဖွဲ့နိုင်သေးတာ အပေါ် တချို့ကလည်း စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ သိရပါတယ်။