ဒီကေဘီအေ ထဲက နောက်ထပ် တပ်ဖွဲ့တချို့ နယ်ခြားစောင့် တပ်ဖွဲ့ရေး လက်ခံ

dkba_camp
Image caption နယ်စပ် က ဒီကေဘီအေ တပ်စခန်း တခု

နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စ နဲ့ပတ်သက် ပြီး ဒီကေဘီအေ အတွင်း နောက်ဆုံး တင်းခံ နေတဲ့ ဗိုလ်မှူးချုပ် စောလှပွယ် ခေါ် နှုတ်ခမ်းမွှေးရဲ့တပ်မဟာ ၅ လက်အောက် က၊ ဗိုလ်မှူးကြီး မုတ်သုန် ဦး ဆောင်တဲ့ ဗျူဟာ တခု က ခွဲထွက်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ရေး ကို လက်ခံ လိုက်ပါပြီ။

ဒီကေဘီအေ တပ်မဟာ ၅ လက်အောက် က ဗိုလ်မှူးကြီး မုတ်သုန် ဦးဆောင်တဲ့ တပ်ရင်း ၃ရင်းပါ ဗျူဟာ တခုဟာ ဒီတပတ် ထဲ မှာ ပဲ ခွဲထွက်ပြီး နယ်ခြားစောင့် တပ် ဖွဲ့ဖို့ လက်ခံ လိုက်ပြီ ဆိုတာကို၊ ဗိုလ်မှူးကြီး မုတ်သုန် ရဲ့လက်အောက် ရှိ အရာရှိ တချို့ က ဘီဘီစီကို အတည်ပြု ပြောခဲ့ပါတယ်။

အခုဆိုရင်၊ နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်ဖို့ အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ဖို့ကို တောင် ပြင်ဆင် နေပြီ လို့ သူတို့က ဆိုပါတယ်။

ဒါပေမယ့်၊ တပ်မဟာ ၅ ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်း မွှေး ကတော့ နယ်ခြားစောင့် တပ်ဖွဲ့ရေး ကို လက်မခံသေးပဲ ဆက် ပြီး တင်းခံ နေဆဲ ပဲ လို့ ထိုင်းနယ်စပ် လုံခြုံရေး ဆိုင်ရာ ထိုင်း အရာရှိ တဦး က ပြောပါတယ်။

ထိုင်း နယ်စပ် လုံခြုံရေး အဖွဲ့ရဲ့ ခန့်မှန်းချက် အရ ဗိုလ်မှူးချုပ် စောလှပွယ် ရဲ့တပ်မဟာ ၅ မှာ ပြည်သူ့စစ် နဲ့ အမြဲတမ်း တပ်ဖွဲ့ဝင်တွေ စုစုပေါင်း အင်အား ၁၀၀၀ ကျော် လောက် ရှိတဲ့ အထဲက အခုလို တပ်ရင်းသုံးရင်း ခွဲထွက် သွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ဇူလိုင်လကုန်ပိုင်း တုန်း ကလည်း၊ အခု တပ်မဟာ ၅ လက်အောက် ကပဲ တပ်ရင်း ၉၀၁နဲ့ ၉၀၆ တို့က ခွဲထွက်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ရေး ကို လက်ခံ သွားခဲ့ ပါတယ်။

အခု နောက်ဆုံး ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေး နဲ့ ယောက်ဖ တော်စပ်တဲ့ ဗိုလ်မှူးကြီး မုတ်သုန် ကိုယ်တိုင် ခွဲထွက် သွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေး ကတော့၊ ကရင် ခေါင်းဆောင် စောဘဦးကြီး ရဲ့ မူအတိုင်း ကရင့် လက်နက် ကရင့် လက်ထဲ မှာသာ ရှိရမယ် ဆိုတဲ့မူ နဲ့ ဆက်လက် ရပ်တည် နေတယ် လို့ သိရ ပါတယ်။