ပါကစ္စတန်ကို ကူညီကြဖို့ ဘန်ကီမွန်းပြော

ban_ki_moon
Image caption အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရက်သတ္တပတ် ၂ ပတ် ရေလွှမ်းမိုး ခံခဲ့ရတဲ့ ပါကစ္စတန် နိုင်ငံ အတွက် နိုင်ငံ တကာကနေ အရေးပေါ် အကူအညီတွေ ပေးကြဖို့ အတွက် တိုက်တွန်း လိုက်ပါတယ်။

ရေဘေး အကြီးအကျယ် ခံခဲ့ရတဲ့ ဒေသတွေကို လှည့်လည် ကြည့်ရှူခဲ့တဲ့ ခရီးစဉ် အပြီးမှာ မစ္စတာ ဘန်ကီမွန်းက သူ့အနေနဲ့ ဒီလောက် ကြီးကြီး ကျယ်ကျယ် ပျက်ဆီး ဆုံးရှုံးမှု ပမာဏ ကြီးမားတာမျိုး အရင်က မကြုံတွေ့ ခဲ့ဘူးကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ အနေနဲ့ သူ့ရဲ့ အရေးပေါ် ရန်ပုံငွေကနေ ဒေါ်လာ၁၀ သန်း ထပ်ဆောင်း ပေးမယ်လို့လဲ မစ္စတာ ဘန်က ပြောပါတယ်။

ကုလသမဂ္ဂ အနေနဲ့ အခု အချိန်အထိ ဒေါ်လာ သန်း ၅၀၀ လောက်ရရှိရေး အတွက် နိုင်ငံတကာကို အကူအညီတွေ တောင်းခံ ထားပြီးလဲ ဖြစ်ပါတယ်။

မစ္စတာ ဘန်က ပါကစ္စတန် နိုင်ငံဟာ ကုလသမဂ္ဂ ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေမှာ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်း ပါဝင် ဆောင်ရွက်ခဲ့ဖူး သလိုပဲ အခုအချိန်မှာလဲ တကမ္ဘာလုံးက ပါကစ္စတန်ကို ကူညီကြရမယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ နိုင်ငံလူဦးရဲ့ ၅ ပုံတပုံ ဖြစ်တဲ့ လူဦးရေ သန်း ၂၀ လောက် ဟာ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။