တရုတ်ဝန်ကြီးချုပ်ကို ဝေဖန်တဲ့စာအုပ် ထုတ်ဝေ

Image caption မစ္စတာယူက စွန့်စားပြီး အခုလို ဟောင်ကောင် မှာ ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်

တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်ကို ဝေဖန်ရေးသားထားတဲ့ စာအုပ်တအုပ်ကို ဟောင်ကောင်မှ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

ဒီစာအုပ်ကို စာရေးဆရာ ယူဂျီက တရုတ် ပြည်မကြီးထဲမှာ ရေးသားခဲ့တာဖြစ်ပေမယ့် ထုတ်ဝေခဲ့ရင်တော့ ထောင်ချခံရနိုင်တယ်လို့ ရဲကသူ့ကို သတိပေးထား ခဲ့တာပါ။

တရုတ်အစိုးရကို ဝေဖန်တဲ့ စာရေးဆရာတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေဟာ အပြစ်ပေးခံရလေ့ရှိပါတယ်။

ဒါပေမယ့်လို့ အခုလို တရုတ်အာဏာပိုင်တွေက သတိပေးထားတဲ့ကြားက စာအုပ်ကို ဟောင်ကောင်မှာ ထုတ်ဝေလိုက်တာဟာ မစ္စတာယူ စွန့်စားလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ လူထုကို ဂရုတစိုက်ရှိနေတယ်ဆိုတဲ့အချက်ဟာ သူ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ကျတော့ ဆန့်ကျင်နေတယ်လို့ ယူဂျီက ဘီဘီစီကိုပြောပါတယ်။

သူဟာ သတင်းမီဒီယာတွေမှာ ဖေါ်ပြနေသလို လူထုကို အရေးတယူလုပ်တယ်ဆိုတာ လှည့်စားနေတာသာ ဖြစ်တယ်လို့ မစ္စတာယူက ဆိုပါတယ်။

အခုစာအုပ်ထုတ်ရတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အပြန်အလှန် ဝေဖန်ဆွေးနွေးမှုတွေ စတင်စေဖို့နဲ့ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ဆိုတဲ့ သဘောတရားတွေ ဖွံ့ဖြိုးလာစေရေးအတွက် ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ ယူရဲ့ စာအုပ်ကို တရုတ်ပြည်မကြီးမှာတော့ ပိတ်ပင်ထားပါတယ်။ ဒါပေမယ့်လို့ ဟောင်ကောင်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူရရှိနိုင်ပါတယ်။

ဟောင်ကောင်ဟာ ဗြိတိသျှအုပ်ချုပ်မှုကနေ လွှဲပြောင်းယူခဲ့ပြီးနောက်မှာ ကြီးမားတဲ့ လူမှု လွတ်လပ်ခွင့်တွေ ရရှိ ခံစားနေကြတာ ဖြစ်ပါတယ်။