တရုတ် စစ်အင်အားကို တိတ်ဆိတ်စွာ တိုးချဲ့နေ

China miltary
Image caption တောင်တရုတ် ပင်လယ်ထဲ အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်က မကျေနပ်

တရုတ် စစ်အင်အား တိုးချဲ့မှုဟာ လျှို့ဝှက်တဲ့ အတွက် နားလည်မှု လွဲတာ၊ အတွက် အချက် လွဲတာတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်တဲ့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်ဟာ သူ့ရဲ့ မြေပြင်ကနေ ပစ်လွှတ်ရတဲ့ ဒုံးလက်နက်တွေကို အဆင့်မြှင့်နေသလို ရေငုတ်သင်္ဘောနဲ့ နယူးကလီးယား လက်နက်တွေကိုလည်း တိုးချဲ့နေကြောင်း ပင်တဂွန်က ကွန်ဂရက်ကို နှစ်စဉ်တင်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအရ တရုတ်ရဲ့ စစ်အင်အား အလျင်အမြန် ကြီးထွားလာတာကို အမေရိကန်က စိတ်ပူနေတာကို အတည်ပြုနေပါတယ်။

တရုတ်မှာ တာတိုပစ် ဒုံးလက်နက် ၁၁၅၀၊ အရေအတွက် မသိရတဲ့ တာလတ်ပစ် ဒုံးလက်နက်တွေ ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေဟာ ထင်သာမြင်သာ မရှိတဲ့ အတွက် မရေရာမှုတွေကို တိုးပွားစေပြီး အဲဒိအတွက် နားလည်မှု လွဲတာတွေ၊ အတွက်အချက် မှားယွင်းတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

တဘက်မှာ တရုတ်က သူ့ရဲ့ အဓိက အကျိုးစီးပွားတွေကို ထိပါးခံနေရတယ်လို့ ယူဆလာနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ဥပမာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးစား စစ်ရေး လေ့ကျင့်မှုတွေကို တရုတ်စစ်ဘက်က ထုတ်ပြန်တဲ့ စာတမ်းတွေမှာ ဝေဖန်ထားပြီး တရုတ်ရဲ့ အဓိက အကျိုးစီးပွားတွေကို အမေရိကန်က ပတ်လည်ဝိုင်းဖို့ ကြိုးစားနေတယ်လို့ ရေးသားထားပါတယ်။

အထူးသဖြင့် တောင်တရုတ် ပင်လယ်ပြင်ထဲမှာ အမေရိကန်ရဲ့ မလိုလားအပ်တဲ့ ဝင်ရောက် စွက်ဖက်မှုတွေကို တရုတ်က ဝေဖန် ထားပါတယ်။

ဒါဟာ မကြာသေးခင်က ဗီယက်နမ်မှာ လုပ်တဲ့ ဒေသတွင်း ထိပ်သီး စည်းဝေးပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တောင်တရုတ် ပင်လယ်ကို တရုတ်မှအပ တခြားနိုင်ငံတွေရဲ့ ပိုင်ဆိုင်မှု တောင်းဆိုချက်ကို အမေရိကန်က ထောက်ခံမယ်လို့ ပြောခဲ့တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား စစ်တပ်ချင်း ဆက်ဆံမှုကို ရပ်ဆိုင်းထားပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်ကို တရုတ်က အတွေ့မခံခဲ့ပါဘူး။

တခါ အမေရိကန်ဘက်ကလည်း မကြာခင် နှစ်တွေမှာ တွေ့ရတဲ့ တရုတ်ရဲ့ စစ်ရေး တိုးချဲ့မှုတွေဟာ သူ့နယ်စပ် အပြင်ဘက်ထိ၊ တိုင်ဝမ် အပြင်ဘက်ထိပါ ရောက်နိုင်တာ ပြနေတယ်လို့ ပင်တဂွန်က ခန့်မှန်းပြောဆိုထားပါတယ်။

တရုတ်ရဲ့ တာဝေးပစ် ဒုံးလက်နက် အစီအစဉ်တွေဟာ ပစိဖိတ်ထိ ရောက်နိုင်တယ်၊ ဂျပန်က အိုကီနာဝါကျွန်းနဲ့ ဂူအမ်ထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တရုတ်ရဲ့ စစ်ဘက် ဘတ်ဂျက်ဟာ မတ်လက ကြေညာချက်အရ အရင်နှစ်ထက် ခုနှစ် ဒဿမ ငါးရာခိုင်နှုံး များလာပြီး ဘီလီယံ ငါးဆယ် ရှိပါတယ်။

တဘက်မှာ အမေရိကန်ရဲ့ စစ်ဘတ် ဘတ်ဂျက်ဟာ ဒီနှစ်မှာ ဒေါ်လာ ဘီလီယံ ခုနှစ်ရာထိ ရှိနေပါတယ်။