မြန်မာပြည်မှာ ရေနံတူးခဲ့တဲ့ Transocean ကို စုံစမ်းရေး

oil rig
Image caption Transocean ကုမ္ပဏီ မြန်မာ့ ကမ်းလွန်မှာ ရေနံ လာ တူး ခဲ့သလား

မြန်မာပြည် မှာ ကမ်းလွန် ရေနံတူးလုပ်ငန်း လုပ်ခဲ့တယ် လို့ စွပ်စွဲခံရတဲ့ Transocean ကုမ္ပဏီ ကို အမေရိကန် အစိုးရ က စုံစမ်းမှု တွေလုပ်ဆောင် နေပြီ လို့ ရွှေ သဘာဝ ဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ရဲ့ နိုင်ငံတကာ ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ကိုဝင်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

Transocean ကုမ္ပဏီ ဟာ အမေရိကန် နဲ့ ဆွစ်ဇာလန် နိုင်ငံ က ကုမ္ပဏီ တွေ ဖက်စပ် ပိုင်ဆိုင် တဲ့ ကမ်းလွန်ရေနံ တွင်းတူးစင် လုပ်ငန်း ကုမ္ပဏီ ဖြစ်ပြီး မြန်မာ့ ကမ်းလွန် ပင်လယ် မှာ တောင်ကိုရီးယား က ဒေဝူး ကုမ္ပဏီ၊ တရုတ် က CNOCC ကုမ္ပဏီ တို့ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်နေတဲ့ စီမံကိန်းအတွင်း ၂၀၀၈ ကနေ ၂၀၀၉ ခုနှစ် အကြား မှာ ပါဝင် ပတ်သက် ခဲ့တဲ့ အထောက်အထား တွေရှိတဲ့အကြောင်း ဒီ အရေးကိစ္စ ကို မှတ်တမ်းတင် စောင့်ကြည့် ခဲ့တဲ့ ကိုဝင်းအောင် ကပြော ပါတယ်။

ရေနံတွင်းတူးစင် အတွက် Transocean ကုမ္ပဏီ က တနေ့ စားရိတ် ဒေါ်လာ ၄ သိန်း လောက် သတ်မှတ် တဲ့ အကြောင်း လည်း သူ က ပြောပါတယ်။

အမေရိကန် အစိုးရ ဟာ မြန်မာအစိုးရ ကို ပြစ်ဒဏ် ချမှတ် အရေးယူ ဆောင်ရွက်နေတဲ့ အတွက် အခုလို Transocean ကုမ္ပဏီ က မြန်မာပြည် မှာ ပါဝင် ပတ်သက်ခဲ့တဲ့ ကိစ္စ ဟာ အမေရိကန် အစိုးရ ရဲ့ ကန့်သတ်ထားမှု ကို ချိုးဖောက်ခဲ့တဲ့ ဆောင်ရွက်ချက် ဖြစ်နေပါတယ်။

အခုလို Transocean ကုမ္ပဏီ မြန်မာပြည် မှာ လုပ်ငန်းပိုင်းဆိုင်ရာ ပါဝင် ပတ်သက်ခဲ့သလား ဆိုတဲ့ အပေါ် အမေရိကန် အစိုးရ ရဲ့ ဘဏ္ဍာရေး ဌာန က စုံစမ်း သွားမှာ ဖြစ် ပါတယ်။