စီးပွားရေးပြစ်ဒဏ်တချို့ သေဒဏ်မပေးဖို့ တရုတ်စဉ်စား

Image caption နှစ်စဉ် တကမ္ဘာလုံးမှာ သေဒဏ်ပေးခံရသူတွေ ထက် တရုတ်မှာ ကွပ်မျက်ခံရသူက ပိုများ

အကြမ်းမဖက်တဲ့ စီးပွားရေးဆိုင်ရာ ပြစ်မူ ၁၃ မှုကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် မှ ကင်းလွှတ်ခွင့်ကို တရုပ်နိုင်ငံက စဉ်းစား နေတယ်လို့ တရုတ်သတင်း အေဂျင်စီ ဆင်ဝှါက ပြောပါတယ်။

သေဒဏ်ပေးနိုင်တဲ့ ရာဇဝတ်မှု လျော့နည်း သွားအောင် ရာဇဝတ် ပြစ်မှု ဥပဒေကို ပြင်ဆင်ဖို့ ကွန်ဂရက်ရဲ့ အမြဲတန်းကော်မတီကို အဆိုပြု လိုက်တာပါ။

အကြမ်းမဖက်တဲ့ စီးပွားရေး ဆိုင်ရာ ပြစ်မှုတချို့ကို သေဒဏ် မပေးဖို့ အကြံပြုတာ ဖြစ်ပါ တယ်။ ဥပဒေကို ပြောင်းလဲ ပြင်ဆင်လိုက်ရင် သေဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၆၈ မှု ကနေ ၅၅ မှု အထိ လျော့သွား နိုင်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေ ပြင်ဆင်ချက်ကို ဘယ်အချိန်မှာ စတင် အကောင်အထည် ဖေါ်မယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။ အစိုးရ သတင်းဌာနဆင်ဝှါက လူအခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ အခုလို ပြုလုပ်တာလို့ ဆိုပါတယ်။

တရုပ်နိုင်ငံမှာ နှစ်စဉ်သေဒဏ်နဲ့ ကွပ်မျက်ခံရသူ အရေအတွက်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိပေမဲ့ ထောင်ချီရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ဒီယူဆချက်က မှန်ကန်မယ် ဆိုရင် တကမ္ဘာလုံးမှာ သေဒဏ်စီရင် ခံရတဲ့သူ အားလုံးရဲ့ အရေ အတွက်ထက် တရုပ်နိုင်ငံ တနိုင်ငံထဲမှာ ကွပ်မျက်ခံရသူက ပိုများပါတယ်။

ဒါကြောင့်လည်း တရုပ်အပေါ် ဝေဖန် ပြောဆို နေကြေတာကို အာဏာပိုင်တွေက သတိပြုမိ ပြီး မကြာမီ နှစ်အနည်းငယ်ကပဲ သေဒဏ်စီရင်ချက်အားလုံးကို နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး ဖြစ်တဲ့ ပြည်သူ့ တရားလွှတ်တော်ချုပ်ရဲ့ အတည်ပြုချက် ရယူရမယ်လို့ ဥပဒေကို ပြင်ဆင် လိုက်ပါတယ်။

ဒီပြင်ဆင်ချက်ကြောင့် သေဒဏ်ပေးခံရတဲ့ အမှုတွေ လျော့ကျလာပါတယ်။

အခု ပြစ်မူ ၁၃ မှုကို သေဒဏ်မှ ကင်းလွှတ်ခွင့်ကို တရုပ်ပြည်သူ့ကွန်ဂရက်ရဲ့ အမြဲတန်း ကော်မတီကသာ အတည်ပြု မယ်ဆိုရင် တရုတ်ပြည်မှာ သေဒဏ် ပေးမှုတွေ အတော်အသင့် လျော့သွားနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် Michael Bristow က သုံးသပ်ထားပါတယ်။