ပါကစ္စတန် IMF အကူအညီတောင်း

Pakistan flood
Image caption ပါကစ္စတန်က IMF ဆီကနေ အရေးပေါ် ချေးငွေ တောင်းခံ

၂၁ ရာစုရဲ့ အဆိုးရွားဆုံး ဘေးအန္တရယ် ကျရောက်မှုတွေထဲ တခု အပါအဝင် ဖြစ်တဲ့ ပါကစ္စတန် ရေကြီးမှုကို အာဏာပိုင်တွေ ကြိုးစား ကိုင်တွယ်နေချိန်မှာ ပါကစ္စတန် အစိုးရ ကိုယ်စားလှယ်တွေဟာ IMF ကိုယ်စားလှယ်တွေနဲ့ ဝါရှင်တန် ဒီစီမှာ တွေ့ပြီး အရေးပေါ် ချေးငွေ ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

ခုရေကြီးမှု မတိုင်ခင်ကတည်းက ပါကစ္စတန် အစိုးရက ရေတို ချေးငွေ တဆယ် ဒဿမ ခြောက်ဘီလီယံရဲ့ နောက်ဆုံး အရစ်ထုတ်ယူဖို့ ကိစ္စ ဆွေးနွေးဖို့ ရက်ချိန်း ထားခဲ့တာ ဖြစ်ပေမဲ့ ခုတော့ အရေးပေါ် ချေးငွေ တောင်းခံဖို့ ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

တဆက်ထဲမှာ ပါကစ္စတန်က ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုလသမဂ္ဂ အဖွဲ့တွေက ဒုက္ခသည်တွေရဲ့ အခြေအနေဟာ စိုးရိမ်ဖွယ် အနေအထားကို ရောက်နေတယ်လို့ ပြောပါတယ်။

ပါကစ္စတန် တောင်ပိုင်းက ဆင်းပြည်နယ်မှာ ရေဘေးဒဏ် ခံရသူ စုစုပေါင်းရဲ့ ရှစ်ဆယ် ရာခိုင်နှုံးလောက်ဟာ ကိုယ့်အိမ်တွေကို စွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ရေဘေး ကယ်ဆယ်ရေး ကော်မရှင် အပြောအရ ဆင်းပြည်နယ်က ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ ဟိုက်ဒရာဘတ်မြို့ပြင်က အိန္ဒုမြစ်ရေဟာ နှစ်ငါးဆယ်ကျော် အတွင်းမှာ အမြင့်ဆုံး အမှတ်ကို ရောက်လာပြီး ဒီကနေ့ ထပ်တက်ဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။