မက္ကဆီကို ထောက်လှမ်းရေး တဦး ပျောက်ဆုံး

The ranch where the bodies were found
Image caption အလောင်း ၇၂ လောင်းကို ဒီနေရာမှာ ရဲက ရှာတွေ့ ခဲ့တာပါ

မက္ကဆီကိုမြောက်ပိုင်း စိုက်ပျိုးမွေးမြူရေး ခြံ တခုမှာ နိုင်ငံခြားက ရွှေ့ပြောင်း ဝင်ရောက်လာ သူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုကို စုံးစမ်းစစ်ဆေးနေတဲ့ ထိပ်တန်း ထောက်လှမ်းရေးမှူး ရိုဗက်တို ဆွာရက်ဇ် ပျောက်ဆုံးသွားခဲ့ရာ သူရဲ့ လုံခြုံရေး အတွက် အထူးစိုးရိမ်နေကြောင်း မက္ကဆီကိုရဲတပ်ဖွဲ့က ပြောပါတယ်။

မက္ကဆီကို သမတ ဖီလီပီ ကာဒရွန်းက ထောက်လှမ်းရေးမှူး မစ္စတာ ဆွာရက်ဇ် ပျောက်ဆုံးသွားတယ်ဆိုတာကို လုံခြုံရေးဆိုင်ရာ ညီလာခံတခုမှာ အတည်ပြု ပြောကြား ခဲ့ပါတယ်။

အဲဒီထောက်လှမ်းရေးမှူးဟာ ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားတာဖြစ်ပြီး၊ ပြန်ပေးဆွဲခံရတာ ဖြစ်နိုင်တယ်လို့ ဇနီးဖြစ်သူ မစ္စစ်ဆွာရက်ဇ်က ဘီဘီစီကိုပြောပါတယ်။ သူနဲ့အတူ သွားလာ နေတဲ့ ဒေသခံရဲတဦးလည်း ပျောက်ဆုံးနေကြောင်း မစ္စစ်ဆွာရက်က ပြောပါတယ်။

လူပေါင်း ၇၂ ဦးသေဆုံးခဲ့ရတဲ့ အဲဒီအမှုမှာ မက္ကဆီကို အကြမ်းဖက် မူးယစ်ဆေးဝါးဂိုဏ်း တခုရဲ့ သေနတ်သမားတွေက သတ်ပစ်တာလို့ ယူဆရပါတယ်။

မစ္စတာ ဆွာရက်ဇ်ဟာ အဲဒီလူတွေ ကျည်ဆံဒဏ်ရာနဲ့ သေဆုံးနေတာကို အရင်ဆုံးတွေ့ရှိခဲ့ သူတဦးဖြစ်ပါတယ်။

အသက်မသေဘဲ ကျန်ရစ်သူအမျိုးသားတဦး ပြောပြချက်အရ ဇီတာလို့ အမည်ရတဲ့ မူးယစ် ဆေးဝါးဂိုဏ်းတခုက ဒီလူတွေကို သတ်ပစ်တာလို့ ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အမျိုးသား ၅၈ ဦးနဲ့ အမျိုးသမီး ၁၄ ဦးဖြစ်ပါတယ်။ သူတို့ဟာ အမေရိကတိုက် တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့က ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို အရောက်သွားဖို့ ကြိုးစားနေကြသူတွေ ဖြစ်ကြပါတယ်။