ကာကွယ်ရေး ဦးစီးချုပ် အသစ်တွေ

than_shwe
Image caption စစ်တပ် ရာထူးကြီး နေရာ အရွှေ့ အပြောင်း အားလုံး သူပဲ ကိုင်ထား လို တွက်ချက် ကြ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့နဲ့ အတူ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့ အပါ အဝင် တခြား စစ်ဗိုလ်ချုပ် တချို့ သူတို့ရဲ့စစ်တပ် ရာထူး တွေ ကနေ မနေ့က နှုတ်ထွက် သွားပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီး တဆက်တည်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ် နေရာကို လက်ရှိ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကို ခန့်အပ် လိုက်တယ် ဆိုတဲ့ သတင်းတွေ ရရှိခဲ့ ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဟာ ပြင်ဦးလွင် စစ်တက္ကသိုလ် ဒီအက်စအေ အပတ်စဉ် ၁၈ ဆင်း ဖြစ်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကတော့ ဒီအက်စအေ အပတ် စဉ် ၁၉ က ဖြစ် ပါတယ်။

သူတို့နှစ်ဦးဟာ အသက် ၅၅ နှစ် တဝိုက် အရွယ်တွေ ဖြစ်ကြ ပါတယ်။

စစ်ခေါင်းဆောင်တွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရ လုပ်မယ့်ရွေးကောက်ပွဲ မတိုင်မီ ဘယ်သူ က အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်၊ ဘယ်သူ က တပ် ကို ကိုင်ထား စသဖြင့် တာဝန်ခွဲ နေကြ ရာမှာ အရေးကြီးတဲ့ နေရာ ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် နဲ့ ဒု ဦးစီးချုပ် နေရာ တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် လူတွေ ကို ရွေးချယ် ခန့်ထား တာ လို့ မြန်မာ့ အရေး ကို သုံးသပ်တဲ့ အရင် မြန်မာ စစ်တပ် က ဗိုလ်မှူး အောင်လင်းထွဋ် သုံးသပ် ပါတယ်။

စစ်တပ် ခေါင်းဆောင် တွေ ပြောင်းလဲ ပေမယ့် စစ်တပ် ရဲ့ လုပ်ဆောင်ချက် တွေ က အရင် အတိုင်း ပဲ ရှိနေပြီး အပြောင်းအလဲ ဘာမှ မဖြစ်နိုင်ဘူး လို့ ဒီမိုကရေစီ နဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု က သုတေသနမှူး တဦး ဖြစ်တဲ့ ကို စိုင်းမြင့်သူ က ဘီဘီစီ ကို ပြောပါတယ်။

စစ်တပ် က ထွက်သွားပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦး တို့ကတော့ ရွေးကောက်ပွဲ မှာ ဝင် အရွေးခံမယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။