ပါကစ္စတန် ရေဘေးနောက်ဆုံး အခြေအနေ

pakistan
Image caption ရေဖုံးလွှမ်းခံ ပါကစ္စတန်

ပါကစ္စတန်နိုင်ငံ မှာ ရေလွှမ်းမိုးမှု တွေ မဖြစ်ခင် ကတည်းက အာဟာရ ချို့တဲ့နေကြတဲ့ ကလေး ၇ သောင်း လောက်ဟာ အခုဆိုရင် ရေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ကြောင့် အသက် အန္တရာယ် အတွက်ပါ စိုးရိမ် နေရတယ်လို့ ပါကစ္စတန် နိုင်ငံက ကုလသမဂ္ဂ တာဝန် ရှိသူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးက ကလေးသူငယ် တော်တော် များများ ဟာ အခု အချိန်မှာ မသန့်ရှင်းတဲ့ ရေတွေကိုသာ သောက်သုံး နေရတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး နိုင်ငံတကာ ဘက်ကလဲ ပိုမို ပြည်စုံတဲ့ အကူအညီတွေ ပေးကြဖို့ ကိုလဲ ဆော်ဩ လိုက်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က ပြည်နယ် တချို့မှာဆိုရင် ငှက်ဖျား ရောဂါ ကူးစက် ပြန့်ပွားနေပြီ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

အခုအချိန်မှာ ရေဘေးနဲ့ ရင်ဆိုင် နေရသူတွေမှာ ငှက်ဖျားရောဂါ ကူးစက်မှုတွေ အဖြစ်များ လာလိမ့်မယ်လို့ ခန့်မှန်းထားတဲ့ အကြောင်းနဲ့ လာမယ့် ရက်သတ္တပတ် ၄ ပတ်လောက်အတွင်းမှာ ကူးစက်မှုတွေ တိုးပွား လာလိမ့်မယ်လို့ မျှော်လင့်ထား တဲ့ အကြောင်း ကို ကမ္ဘာ့ ကျန်းမားရေး အဖွဲ့ကြီး WHO ရဲ့ ပြောခွင့်ရသူ အမျိုးသမီးက ပြောသွား ခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ နိုင်ငံ့ စီးပွားရေး အတွက် အားထားနေရတဲ့ လယ်မြေတွေ ရေဖုံး သွားခဲ့တဲ့ အတွက် လူပေါင်း ၈ သန်းကျော်ဟာ ရှင်သန်မှု အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေ ကိုသာ အားကိုး နေရပါတယ်။