မြောက်ကိုရီးယားကို ပိတ်ဆို့မှု အသစ် စလုပ်

Image caption မြောက်ကိုရီးယား နိုင်ငံ အကြီးအကဲ ကင်ဂျုံးအီး

အမေရိကန် အစိုးရက မြောက်ကိုရီးယား အစိုးရကို ဘဏ္ဍာရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးချဲ့ လုပ်ဆာင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဖျက်အားပြင်း လက်နက် အစီအစဉ်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်း ငါးခုနဲ့ လူပုဂ္ဂိုလ် သုံးယောက်တို့ကို ပစ်မှတ် ထားထားပါတယ်။

ဒီအစီအစဉ်အရ မြောက်ကိုရီးယားက လက်နက်၊ ဇိမ်ခံ ပစ္စည်းနဲ့ ငွေခဝါချမှုတွေမှာ ရောင်းဝယ်ပတ်သက်နေတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အရွှေ့အပြောင်း မလုပ်နိုင်အောင် တားဆီးထားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တောင်ကိုရီးယား သင်္ဘော နစ်မြုပ်ခံရမှု စတဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် ခုလို ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တိုးလုပ်ဖို့ ဆုံးဖြတ်လာရတာ ဖြစ်တယ်လို့ အမေရိကန်တွေက ပြောပါတယ်။

ဘီဘီစီ သတင်းထောက်က အခု လုပ်လိုက်တဲ့ ပိတ်ဆို့မှု အစီအစဉ်သစ် တွေက ပိုပြီး ကျယ်ပြန့်တယ်လို့ ပြောပါတယ်။

သူက မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားဖို့ ရည်ရွယ်ပါတယ်။

ဥပမာ မြောက်ကိုရီးယား အစိုးရက ဇိမ်ခံပစ္စည်းတွေနဲ့ လူတွေဆီက သစ္စာစောင့်သိမှုကို ဝယ်ဖို့ကြိုးစားတာမျိုး ရှိပြီး ခုပိတ်ဆို့မှုသစ်မှာ အဲဒီ ကုမ္ပဏီတွေကို ပစ်မှတ်ထားတယ်။

နောက်တခါ ငွေအတုလုပ်တဲ့ လုပ်ငန်းတွေမှာ ပတ်သက်နေသူတွကို ပစ်မှတ်ထားတယ်။

တနည်းအားဖြင့် အမေရိကန် အစိုးရက လက်နတ် အစီအစဉ်တွေကိုပဲ ဒဏ်ခပ် ပိတ်ဆို့တာမျိုး မဟုတ်ဘဲ တခြား နည်းလမ်းတွေကိုပါ သုံးလာတာကို တွေ့ရမှာပါ။

ဒါပေမယ်လည်း အမေရိကန် အစိုးရရဲ့ ခုနောက်ဆုံး ဒဏ်ခပ် ပိတ်ဆို့မှုတွေ အောင်မြင်နိုင်ပါ့မလား ဆိုတာ မပြောနိုင်သေးပါဘူး။

မြောက်ကိုရီးယား အစိုးရဟာ ခန့်မှန်းရခက်တဲ့ အစိုးရ ဖြစ်ပြီး ခုထိတော့ မြောက်အစိုးရက ဒီလို ဖိအားမျိုးကြောင့် ပေျာ့မလာတဲ့ အပြင် ပိုတောင်မှ ရန်လိုလာပါတယ်။

ဒါပေမယ့် မျှော်လင့်ချက်လို့ ပြောနိုင်တာက ခုလောလောဆယ် တရုတ်မှာ ရောက်နေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးက ဆွေးနွေး စကားပြောတာတွေ ပြန်လုပ်ဖို့ ပြင်ထားကောင်း ပြင်ထားတယ် ဆိုတာကို အရိပ်အမြွက်ပြတဲ့ အပြောမျိုး သတင်းထောက်တွေကို ပြောသွားပြီး ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းရှင်းတာ မြင်ချင်တယ်လို့ ပြောသွားပါတယ်။

ဒါတွေဟာ ကောင်းတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

တချိန်ထဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနထဲမှာ မြောက်ကိုရီးယားနဲ့ ပြန်အဆက်အဆံ လုပ်ဖို့ တခြားနည်းလမ်းတခုခု ရှာသင့်တယ်ဆိုတဲ့ အယူအဆမျိုးတွေလည်း ပေါ်ထွက်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောသွားပါတယ်။