ပြည်သူက တပ်ကိုတရားစွဲဖို့သိပ်မလွယ်

ပဲခူးပစ်ခတ်မှုမှ မိသားစုတို့ ကြေကွဲနေ
Image caption ပဲခူးပစ်ခတ်မှုမှ မိသားစုတို့ ကြေကွဲနေ

အများပြည်သူကို ကာကွယ်စေါင့်ရှောက်ဖို့ လက်နက် တပ်ဆင်ပေးထားတဲ့စစ်တပ်က သာမန်လက်နက်မဲ့ အရပ်သားတွေကို စည်းမဲ့ကမ်းမဲ့ ပစ်ခတ်မှုဟာ အများပြည်သူ ရဲ့ လုံခြုံရေးအတွက် စိတ်မအေးစရာ ဖြစ်ပါ တယ်။

ဒီလိုဖြစ်ရပ်တွေကို ကာကွယ်တားဆီးဖို့ အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အနေနဲ့ ဘာတွေများဆောင်ရွက်ပေးနိုင်ပါသလဲ။

ပဲခူးမြို့ လမ်းပြကြယ် လူ့အခွင့်အရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီးရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ဦးအေးမြင့်က “ တိုင်းပြည်မှာ ပြဌါန်းထားတဲ့ဥပဒေနဲ့ဆို တရားမျှတမှုရှိအောင် သက်ဆိုင်ရာ ဌါနဆိုင်ရာအကြီးအကဲတွေဆီမှာ သေဆုံးသူအတွက် နစ်နာကြေးကိစ္စရှိတယ်၊ ဗမာ့ ယဉ်ကျေးမှု ထုံးစံအရ တောင်းပန်ရမယ်၊ တရားခံကို လူသိရှင်ကြားဖေါ်ထုတ်ရမယ်၊ ဒီမှာက ဥပဒေသာ စာရွက်ပေါ်မှာ ရှိပြီး လက်တွေ့ ကြတော့ စစ်တပ် ရဲ ကို ပြည်သူက တရားပြန်စွဲလို့ မရဘူး ဖြစ်နေတယ်” လို့ဘီဘီစီကို ပြောပါတယ်။

သူတို့လူ့အခွင့်အရေး အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနိုင်တာကတော့ သက်ဆိုင်ရာကို တရား နည်းလမ်း အတိုင်းဆောင်ရွက်ဖို့ နည်းလမ်းတွေကို ဖေါ်ပြနိုင်တဲ့အကြောင်း၊ ကာယကံရှင် များ မသွားတတ်မလာတတ်ခဲ့ရင် ကူညီဆောင်ရွက် ပေးတဲ့အကြောင်း၊ သက်ဆိုင်ရာ လူကြီးတွေ နားပေါက်အောင် ဆောင်ရွက်ပေးတဲ့အဆင့်သာလုပ်ကိုင် ဆောင်ရွက်ပေးနိုင် ကြောင်း ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။

စစ်တပ်က ရာဇဝတ်မှုအကြီး အမှုကြီးခုနှစ်မှု ဖြစ်လာခဲ့ရင် ဥပမာ မုဒိန်းမှု လူသတ်မှုတို့လို အမှုဖြစ်လာခဲ့ရင် စစ်တပ်က အရပ်ဘက်တရားရုံးကို လွှဲပေးရတဲ့ အစဉ်အလာရှိကြောင်း အမှုသေးတွေကိုတော့ တပ်မတော်ဥပဒေအရ တပ်မတော် အတွင်းမှာပဲ ဆုံးဖြတ်ကြောင်း ၁၉၉၅ ခုနှစ်မှာပြဌါန်းတဲ့ ဥပဒေကြတော့ အဲဒီအမှုကြီး ခုနှစ်မှုထဲက သူတို့ပို့ ချင်တဲ့အမှုပဲ အရပ်ဘက်ကိုပို့ပြီး ကျန်တဲ့အမှုတွေကို အရပ်ဘက်ကိုလွှဲမပေးပဲ စစ်တပ်ထဲမှာပဲ စီရင် ဆုံးဖြတ်လို့ ရတယ်ဆိုတာ ဖြစ်လာတဲ့အကြောင်း စစ်တပ်ကပဲတရားသူကြီး၊ စစ်တပ်ကပဲ ရှေ့နေ၊ သူတို့တပ်တွင်းခုံရုံးနဲ့ပဲ ပြီးတဲ့အကြောင်းဦးအေးမြင့်က ဘီဘီစီကို ရှင်းပြပါတယ်။

နစ်နာသူ အသတ်ခံရတဲ့သူတွေဘက်က တိုင်တန်းချင်တယ်ဆိုရင်တော့ ရဲဆိုရင် ရဲချုပ်ဆီကို စစ်တပ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ဆီကို တိုင်တန်းရမှာဖြစ်ကြောင်းလည်း ရှေ့နေကြီး ဦးအေးမြင့်က ဘီဘီစီကို ပြောပြသွားပါတယ်။