ကုရ်အာန် ကျမ်းစာအုပ် မီးရှို့မယ့်ကိစ္စ ဆန္ဒပြနေကြ

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ခရစ်ယာန် သင်းအုပ်ဆရာ တစ်ယောက်က မွတ်ဆလင်တို့ အထွတ် အမြတ် ထားတဲ့ ကုရ်အာန် ကျမ်း စာအုပ် တွေကို မီးရှို့ ပစ်ဖို့ အစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ ပြောဆိုခဲ့ပေမဲ့ အာရှ နိုင်ငံ တချို့မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ် နေပါတယ်။

Image caption ပန်ဂျပ် ပြည်နယ်မှာ စိတ်ဆိုးနေတဲ့ လူတွေက မီးရှို့ ပြီး ဆန္ဒပြ ခဲ့ကြ

အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမာဒမ် ဥပုသ်လ အပြီး အစ် ပွဲတော် ချိန်မှာ ပဲ မီးရှို့ ဖျက်ဆီးမယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမျက် ဒေါသ ထွက်နေ ကြတဲ့ မွတ်ဆလင် တွေက ဆန္ဒပြ နေကြ တာပါ။

သင်းအုပ်ဆရာ တယ်ရီ ဂျုန်းစ်က တော့ သမ္မတ အိုဘားမား အစိုးရ အဖွဲ့ရဲ့ မေတ္တာ ရပ်ခံချက် အရ သူ့ အစီအစဉ်ကို ဆိုင်းငံ့ထား မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နယူးယောက် မြို့မှာ အစ္စလာမ် မစ် အဆောက်အဦ တည်ဆောက်ဖို့ အစီအစဉ် ကို ရပ်ထားမယ် လို့ မွတ်ဆလင် ဗလီဆရာက ပြောတဲ့ အတွက် သူ့ဘက် ကလည်း ရပ်ထား လိုက်တာ ဖြစ်တဲ့ အကြောင်း သင်းအုပ်ဆရာ တယ်ရီ ဂျုန်းစ် က ပြောပါတယ်။

အာရှ နိုင်ငံများမှာ ကန့်ကွက်မှုများ

သူ့ရဲ့ ခြိမ်းခြောက်မှုကြောင့် အာဖဂန် နစ္စတန် နိုင်ငံမှာ အကြမ်းဖက် ကန့်ကွက် မှုတွေ ဖြစ် စေခဲ့ပါတယ်။

နေတိုး စစ် အခြေစိုက် စခန်း တစ်ခု ရှေ့မှာ ဆန္ဒပြမှုတွေ အတွင်း လူ သုံးယောက် ပစ်ခတ် ခံခဲ့ကြရပြီးဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

ပါကစ္စတန် မှာတော့ ဆန္ဒပြသူတွေက အမေရိကန် အလံကို မီးရှို့ခဲ့ကြပါတယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုကလည်း ကုရ်အာန် ကျမ်းစာကို မီးရှို့မယ့် အစီအစဉ်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို အန္တရာယ် တစ်ရပ် ဖြစ်တယ်လို့ ပြောဆိုပြီး ရှုတ်ချလိုက် ပါတယ်။

မြန်မာ မွတ်ဆလင်များရဲ့ အမြင်

မြန်မာ နိုင်ငံ အတွင်းက မွတ်ဆလင် အများစု အနေနဲ့ သူတို့ ဘာသာရေး အရ အထွဋ် အမြတ် ထားတဲ့ ကျမ်းစာအုပ်ကို မီးရှို့ဖျက်ဆီးမယ် ဆိုတာ ကြားရတော့ စိတ်မကောင်း ဖြစ်ကြမှာပဲလို့ မြန်မာ မွတ်ဆလင် Information Center ကို တည်ထောင်သူ ကိုအောင်မျိုးလွင်က ပြောပါတယ်။

ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာ ရပ်တိုင်းဟာ ပြုလုပ်သူရဲ့ တာဝန်သာ ဖြစ်တယ် ဆိုတာ ကိုတော့ သိဖို့ လိုအပ်တဲ့ အကြောင်းနဲ့ ခရစ်ယာန် ပဲ ဖြစ်စေ၊ မွတ်ဆလင်ပဲ ဖြစ်စေ တစ်ဦး တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ခရစ်ယာန်တွေ အားလုံး၊ မွတ်ဆလင်တွေ အားလုံးကို သိမ်းကြုံး မပြောသင့်ဘူးလို့လည်း သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ကိုးနှစ်က နယူးယောက် မြို့မှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့ နောက် ဘာသာရေးကို အခြေခံတဲ့ ကွဲလွဲမှုတွေ ဖြစ်လာခဲ့တာကို ဖြေရှင်းရာမှာ ပြဿနာရဲ့ ရင်းမြစ် ဖြစ်တဲ့ နိုင်ငံရေးကိစ္စရပ်တွေကို မဖြေရှင်းဘဲ နဲ့တော့ ပြေလည်မှု ရမှာ မဟုတ်ဘူး လို့လည်း မြန်မာ မွတ်ဆလင် တစ်ယောက် ဖြစ်သူ ကိုအောင်မျိုးလွင်က ထောက်ပြ ပါတယ်။