စက်တင်ဘာ ၁၁ ရက် အခမ်းအနား ကျင်းပ

obama
Image caption အခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတ အိုဘားမား

လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက် ခံရမှု ၉ နှစ်ပြည့် နှစ်ပတ်လည် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပရာကို အမေရိကန် သမ္မတ အိုဘားမားလဲ တက်ရောက် ခဲ့ပါတယ်။

အဲဒီနေ့တုန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ လေယာဉ်ပျံ ၄ စင်းထဲက တစ်စင်း ပျက်ကျခဲ့တဲ့ ပင်တဂွန်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ သမ္မတ အိုဘားမား က ဘယ်သူတွေ ဘယ်လောက် ကြိုးစားကြိုးစား အမေရိကန်ဟာ အစ္စလာမ်နဲ့ စစ်ဖြစ်မှာ မဟုတ်ကြောင်း၊ အဲဒီ စက်တင်ဘာနေ့က တိုက်ခိုက်ခဲ့တာဟာလဲ အစ္စလာမ်ဘာသာက တိုက်ခိုက်ခဲ့တာမဟုတ်ဘဲ အစ္စလာမ် ဘာသာရေးကို ခုတုံးလုပ်ခဲ့တဲ့ အယ်လ်ကာရီဒါပဲ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက မိန့်ခွန်းထဲ မှာ ထည့်သွင်း ပြောကြားသွားခဲ့ ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာတော့ အစ္စလာမ်မစ်တွေ အပိုင်စီးခဲ့ကြတဲ့ လေယာဉ်ပျံ ၂ စင်း အရင် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ တွေကို ဝင်တိုက်ကြတဲ့ အချိန်မှာ ခေါင်းလောင်းတွေကို ထိုးခဲ့ကြပါတယ်။ ဆက်လက်ပြီး အဲဒီတုန်းက အသက် ဆုံးရှုံးခဲ့ကြရသူ တွေရဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ ဆွေမျိုး သားချင်းတွေက ကွယ်လွန်ခဲ့သူတွေ ရဲ့ အမည်တွေကို ဖတ်ကြားခဲ့ကြပါတယ်။

စတုတ္ထမြောက် လေယာဉ်ပျက်ကျခဲ့တဲ့ Pennsylvania မှာ ကျင်းပခဲ့တဲ့ အခမ်းအနား ကိုတော့ လက်ရှိ သမ္မတ ကတော် မစ်ရှဲလ် အိုဘားမား နဲ့ အရင် သမ္မတ ကတော်ဟောင်း ဖြစ်သူ လော်ရာ ဘုရှ်တို့ တက်ရောက်ခဲ့ ကြပါတယ်။