တရုတ်အစိုးရသဘောထား နအဖထုတ်ပြန်

တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ မြန်မာခေါင်းဆောင် ပီကင်းရောက်စဉ်
Image caption တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ မြန်မာခေါင်းဆောင် ပီကင်းရောက်စဉ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် မြန်မာသတင်းစာတွေထဲမှာ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်မှာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တရုပ်ထောက်ခံမှာ မဟုတ်ဘူးလို့ရေးသား ဖေါ်ပြထားပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ကော တရုတ်အစိုးရနဲ့ ပါ နီးစပ်မှုရှိတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းကတော့ “ ဒီသတင်းက နအဖကပြောတာ တဖက်သတ်ဖြစ်နေတယ်၊ တရုတ်ဖက်ကပြောတာ စာသားအတိုင်းမတွေ့ရတော့ ဒါကို အဓိပ္ပါယ်ပြန်ရတာခက်တယ်၊ နအဖက သူလိုရာဆွဲ ဖြတ်တောက်ဖေါ်ထုတ်လိုက်တာဖြစ်မယ်၊ဒါပေမယ့် မမေ့သင့်တာက တရုတ်အစိုးရက ဒီလိုမျိုး ပြောတာ အရင်တုန်းကလည်း မကြာခဏ ဒါမျိုးပြောတဲ့ဟာတွေ ရှိတယ် ” လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံကြီးတွေအနေနဲ့ နယ်စပ်ကိစ္စတွေလုပ်ကြတဲ့အခါ တနိုင်ငံရဲ့ခြေအနေကို တနိုင်ငံက ကြည့်ပြီး လုပ်နေကြတာ ဖြစ်ကြောင်း ပြဿနာတွေက ဒါ့ထက်ပိုပြီး နက်နဲရှုပ်ထွေးကြောင်း နအဖပြောတိုင်းလည်း အလွယ်တကူ အဲဒီနောက် ပါသွားဖို့မလိုဘူးလို့ သူထင်တဲ့အကြောင်း စေါင့်ကြည့်ဖို့လိုတဲ့အကြောင်း လောလောဆယ်မှာ နယ်စပ်က အဖွဲ့အစည်းတွေကို တရုပ်က နအဖလက် အပ်လိုက်တာမျိုး နအဖလက်ကျအောင် မလုပ်ဘူးလို့သူထင်တဲ့အကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

ပြည်သူတွေအဖေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖအစိုးရအပေါ် တရုတ်အစိုးရက အခုလိုဆက်ဆံနေတာတွေဟာ တကယ်တော့ နိုင်ငံ တနိုင်ငံ အထူးသဖြင့် စနစ်ချင်းမတူတဲ့ နိုင်ငံချင်းဆက်ဆံအခါ အဲဒီအစိုးရဟာ သူ့တိုင်းပြည်က လူတွေအပေါ် ဖိနှိပ်တာ မဖိနှိပ်တာနဲ့သိတ်မဆိုင်ဘူးလို့ သူမြင်တဲ့အကြောင်း နိုင်ငံထဲမှာ ဘယ်လိုပဲရှိနေပစေ အဲဒီနိုင်ငံရဲ့ လက်ရှိအာဏာရထားတဲ့ အစိုးရတွေကို အသိအမှတ်ပြုထားတာဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အစဉ်အလာဖြစ်တဲ့အကြောင်း ကိုယ်ကြိုက်တဲ့စံနစ်တစ်ခုရမှ အဲဒီ အစိုးရနဲ့ဆက်ဆံမယ်ဆိုတာမျိုး လုပ်လို့မရဘူးလို့ သူမြင်တဲ့အကြောင်း ရဲဘော်ဖိုးသံချောင်းက ဘီဘီစီကို ပြောပြသွားပါတယ်။